Monday, May 26, 2014

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာမည်

ဘာစီလိုနာအသင်း၏ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် Ooredoo ကုမ္ပဏီမှ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ရထားသော ကာတာအခြေစိုက် ကုမ္ပဏီ Ooredoo အနေဖြင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွက် လီယွန်နယ် မက်ဆီ ဖောင်ဒေးရှင်းနှင့်ပူးပေါင်းကာ မြန်မာပြည်သူ ခြောက်သန်းကျော်ကို နှစ်နှစ်အတွင်း ကူညီ ကုသမှုပေးရန် စီစဉ်ထားသည်။
ယင်းအစီအစဉ်အတွက် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့သို့ သွားရောက်ကာ မက်ဆီ မြန်မာနိုင်ငံ လာရောက်ရန်အတွက် ညှိနှိုင်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပြန်မည်ဟု Ooredoo ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ
မသီရိကြာညိုက ပြောသည်။
“မက်ဆီ မြန်မာနိုင်ငံလာဖို့က ကျွန်မတို့ ညှိနှိုင်းဆဲအဆင့်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ဘာစီလိုနာကို သွားပြီး ဒီမှာ လှုပ်ရှားမယ့် အစီအစဉ်တွေကို ပြသခဲ့ပါတယ်။ မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတဲ့အတွက် ကမ္ဘာ့ဖလားပြီးမှ ပြန်ညှိမှာပါ။ ကျွန်မတို့အနေနဲ့တော့ သတင်းထုတ်ပြန်မှုတွေ ဆက်လုပ်ပေးသွားပါမယ်” ဟု ၎င်းက ဆိုသည်။
ဘာစီလိုနာအသင်း၏ အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ်မက်ဆီမှာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့အစည်း (UNCEF) ၏ သံတမန်တစ်ဦးလည်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကလေးသူငယ်များ စောင့်ရှောက်ရေးအတွက် ကိုယ်ပိုင်ဖောင်ဒေးရှင်းဖြစ်သော မက်ဆီဖောင်ဒေးရှင်း ကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။

Ooredoo ၏ ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၂၀၊ ရွာပေါင်း ၁,၈၀၀ တို့တွင် စတင်လုပ်ဆောင်ရန် ရည်ရွယ်ထား သည်။





Mizzima

2 comments:

  1. မက်ဆီဟာ မွေးရာပါပင်ကိုယ် အရည်သွေးကို
    ကောင်းမွန်တဲ့ နည်းစနစ်တွေ စည်းကမ်းတွေ
    နှင့်ပေါင်းစပ် လိုက်တဲ့ အခါ ပြိုင်ဘက်ကင်းသွားတာပေါ့
    ဒိုလေးကတော့ သူမသာ ကိုယ်မသာပေါ့ ကျုပ်ကတော့
    သူရဲကောင်းတွေကို သိပ်ကို သဘောကျတယ်။

    ReplyDelete
  2. မြန်မာစိုးရလူညစ်တွေ ကိုသိပ်မုန်းတယ်။

    ReplyDelete