Tuesday, May 13, 2014

ငရုတ်သီးခြောက်မျိုးစုံ ဈေးနှုန်းများ ကျပ်ရှစ်ထောင်ထိ ဈေးတက်

မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူဈေးကွက်နှင့် ကုန်သည်လှောင်လက် အချို့၏ အရောင်းဈေးကွက်၌ မေလ ဒုတိယပတ်မှ စတင်ကာ ငရုတ်သီး အခြောက်မျိုးစုံ ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ်ရှစ်ထောင်ခန့် မြင့်တက်ခဲ့ကြောင်း စားသုံးသူများ၊ အရောင်းဆိုင်များနှင့် ကုန်သည်များက ပြောကြားသည်။
ဟင်္သာတမြို့နယ်အတွင်း ထွက်ရှိသည့် ကိုင်းငရုတ်မှာ လက်ကျန် ပြတ်လပ်မှုကြောင့် ငရုတ်ရှည်သီးဈေးမှာ တစ်အိတ်လျှင် ကျပ်ရှစ်ထောင်ဝန်းကျင် ဈေးတက်ကာ ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့် ငရုတ်သီးမျိုးစုံမှာလည်း တစ်အိတ်လျှင် ကျပ်ရှစ်ထောင်ထိ ဈေးတက်ခဲ့ကြောင်း ပန်းတနော်မြို့နယ်က ကုန်သည် ဦးအောင်ကိုလတ်က ပြောကြားသည်။

“မေလ ပထမပတ်က ပိဿာ ၂၀ ဆံ့တဲ့ ပန်းတနော် ငရုတ်သီး တစ်အိတ် ၃၆,၀၀၀ ကျပ် ဈေးရှိတယ်။ မေလ ၁၂ ရက်နေ့မှာ ကျပ် ၄၄,၀၀၀ နဲ့ တောင်သူတွေဆီက ဝယ်နေရတယ်။ ဝန်ထမ်းလစာ တိုးတာ တစ်ခုတည်းနဲ့တော့ မဆိုင်ဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် ဝါးခယ်မ ငရုတ်ဈေးကွက်၌ ပိဿာ ၂၀ ဆံ့ တစ်အိတ်ကျပ် ၄၄,၀၀၀ မှ ၄၉,၀၀၀ ကျပ် ဝန်းကျင်ထိ ဈေးတက်ခဲ့ကြောင်း၊ မြန်အောင်မြို့နယ်တွင် မေလ ပထမပတ်က ဒေသထွက် ကိုင်းငရုတ်ဈေးမှာ တစ်အိတ် ၃၆,၀၀၀ ကျပ်ဝန်းကျင်မှ တစ်အိတ် ၄၆,၀၀၀ ကျပ်အထိ ဈေးတက်ရောင်းနေရကြောင်း မြန်အောင်မြို့ခံ ကုန်သည် ဦးမင်းနိုင်က ပြောကြားသည်။

ဒေသထွက် ကိုင်းငရုတ်များ လက်ကျန် နည်းပါးပြီး ကုန်သည် လှောင်လက်များထံတွင်သာ ရှိသောကြောင့် ဈေးမြင့်လာခြင်း ဖြစ်နိုင်ကြောင်း၊ လယ်ယာ လုပ်ငန်းခွင် ဝင်ရမည့် အချိန် နီးကပ်လာသည်နှင့်အမျှ တောင်သူများက ကုန်ချိန် အများအပြား ဝယ်ယူလေ့ ရှိခြင်းကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ဦးမင်းနိုင်က သုံးသပ်သည်။

ဧရာဝတီတိုင်းဒေသကြီအတွင်း ထွက်ရှိသည့် ငရုတ်သီး အခြောက်များ၊ မိုးထောင်ငရုတ်၊ ငရုတ်မျိုးစုံ ဈေးကွက်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းမှ စ၍ ဈေးနှုန်းများ ဆက်တိုက် ကျဆင်းခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီလအထိ ထူးထူးခြားခြား ဈေးတက်လာခြင်း မရှိဘဲ မေလ ဒုတိယပတ်မှ ဈေးတက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့တွင် ညောင်ရမ်းမိုး ငရုတ်ဈေး ပိဿာ ၂၀ တစ်အိတ် ငါးသောင်းကျပ်၊ ဆင်ဖြူကျွန်း ငရုပ်ပွ ပိဿာ ၂၀ တစ်အိတ် ၁၀၆,၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ငရုတ်ဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment