Thursday, May 29, 2014

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ဆွေးနွေး

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ဆက်ဆံရေးရုံးတွင် မေ ၂၈ ရက်က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေ ၁၃ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ုKIO) တို့၏ တတိယအကြိမ်မြောက် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို သဘောတူခဲ့ကြသည်။

“ဇွန် ၁၃ ရက် ဆွေးနွေးပြီး နောက်ပိုင်းမှာ ဒီနေ့မှစပြီး ကျွန်တော်တို့ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီနေ့ စစချင်း နှစ်ဖက်ကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ် ငါးဦးစီကို တရားဝင် ပြောကြပါတယ်။ တစ်ဖက်စီဖွဲ့ပြီးတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့အခါ နှစ်ဖက်ပူးပေါင်း ဆက်သွယ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလမှာ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ သတင်းအပြန်အလှန် ဆက်သွယ်ပြီးမှ ကျွန်တော်တို့ကလည်း ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သမျှ ကြိုကြိုတင်တင် ဖြစ်သွားအောင် ၀ိုင်းပြီးတော့ ကြိုတင်အသိပေး ဆောင်ရွက်သွားမယ်။ ဖြစ်လာလို့ရှိရင်လည်း အမြန်ဆုံး ဖြေရှင်းကြမယ်ဆိုတဲ့ အပိုင်းလေးတွေပေါ့” ဟု ကေအိုင်အို၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်နောင်က ပြော ကြားသည်။

အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယု၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှဝေ၊ စစ်ဘက်ရေးရာ လုံခြုံရေးဌာနမှ ဒုတိယဗိုလ်မှူးကြီးနိုင်အောင်၊ ဗိုလ်မှူးကျော်ထက်အောင်တို့ဖြင့် ဖွဲ့စည်းထားကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ သိရသည်။

ကေအိုင်အို၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဗိုလ်မှူးကြီးဇော်တောင်က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ဗိုလ်မှူးကြီးခွန်နောင် အပါအ၀င် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

“ဒီနေ့တော့ စစချင်းတွေ့ဆုံတဲ့ အနေအထားပဲ ရှိပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ နောက်ပိုင်းတွေမှာ ကျွန်တော်တို့ဆက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု ကေအိုင်အိုမှ ဗိုလ်မှူးကြီးခွန်နောင်က ဆိုသည်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သဘောတူညီချက်တွင် ပါရှိသည့် “ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ယန္တရား” ကို ပထမအဆင့် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရတပ်မတော်နှင့် ကေအိုင်အို၏ ကေအိုင်အေတပ်များအကြား ယခုနှစ် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နှစ်ဖက်လုံး၌ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၉ ရက်တွင် ကေအိုင်အိုမှ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့ရာ မေ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ယခုကဲ့သို့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့၍ ညှိနှိုင်းဖြေရှင်းရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment