Wednesday, May 21, 2014

လူသတ်မှု ကျူးလွန်သူ ညီအစ်ကိုသုံးဦးကို ပြစ်ဒဏ်ချမှတ်

မန္တလေးတိုင်ဒေသကြီး မိတ္ထီလာမြို့တွင် ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ် အတွင်းက မြို့တွင်းလုံခြုရေး အခြေအနေပေါ် တိုးမြှင့်ခဲ့ရသည်အထိ လှုပ်ခတ် သွားခဲ့သော လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ညီအစ်ကိုအရင်း သုံးဦးကို မိတ္ထီလာခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံးတို့က မေလ ၂၀ ရက်နေ့က ပြစ်ဒဏ် အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးများမှ စုံစမ်းသိရှိရသည်၊

မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်တွင် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မယားညီအစ်ကိုချင်း အချင်းများရာမှ လူသတ်မှု ကျူးလွန်ခဲ့သော အောင်ဇော်ထွေး (ခ) အောင်အောင်ကို ပြစ်မှု ပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ဖိုးနီ (ခ) ဇော်ထက်ကို ပြစ်မှုပုဒ်မ ၃၀၂(၂)/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် မိတ္ထီလာခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး မိတ္ထီလာ မြို့နယ်တရားရုံး (ကလေးသူငယ်ရုံး) က အသက် (၁၄) နှစ်ရှိ ဇော်မျိုးထွေး (ခ) ခလီလွတ်လာကို ပြစ်မှုပုဒ်မ
၃၀၂(၂)/၁၁၄ အရ မန္တလေးမြို့ရှိ ကလေးသူငယ် ပြုပြင်ရေးစခန်းတွင် လေးနှစ်ခန့် နေထိုင်ရန် အမိန့်အသီးသီး ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးများထံမှ စုံစမ်းသိရှိရသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မိတ္ထီလာ ပြည်သာယာ (တ) ရပ်ကွက်၊ (၁) လမ်းရှိ ဦးဇော်ဝင်း၏ နေအိမ်တွင် မယားညီအစ်ကို တော်စပ်သူများ ဖြစ်ကြသော (သေဆုံးသူ) ဖိုးပြူး(ခ) ဝင်းကိုကို (၂၅) နှစ်နှင့် ဖိုးနီ (ခ) ဇော်ထက် (၂၄) နှစ်တို့သည် အိမ်တွင်းရေးကိစ္စနှင့် ပတ်သက်၍ စကားများကြရာက ဖိုးပြူး (ခ) ဝင်းကိုကိုက စတင်၍ ဖိုးနီ (ခ) ဇော်ထက်အား အရိုးအသွား ခြောက်လက်မခန့်ရှိ ခလုပ်ဒါးဖြင့် စတင်ထိုးခဲ့သဖြင့် ညီဖြစ်သူ ဇော်မျိုးထွေး (ခ) ခလီလွတ်လာ(၁၄) နှစ်က ဖိုးပြူး (ခ) ဝင်းကိုကိုအား လောက်လေးဂွနှင့် ပစ်ခဲ့ကြောင်း၊ အောင်ဇော်ထွေး (ခ) အောင်အောင် (၂၀ နှစ်) က ဖိုးပြူး (ခ) ဝင်းကိုကိုအား တုတ်ဖြင့် ဦးခေါင်းကို ရိုက်လိုက်သဖြင့် လဲကျသွားကြောင်း၊ ထိုသို့လဲကျစဉ် ဖိုးပြူး (ခ) ဝင်းကိုကို ကိုင်ဆောင်ခဲ့သော ဓားဖြင့် အောင်ဇော်ထွေး (ခ) အောင်အောင်က ၎င်း၏ ဝဲဘက် နံကြားသို့ နှစ်ချက် ထိုးသွင်းခဲ့၍ ယင်းဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ကြောင်း၊ အဆိုပါ လူသတ်မှုကို အမှတ် (၃) ရဲစခန်းက (ပ) ၈/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း၊ မှုခင်း မှတ်တမ်းများအရ သိရသည်။ 

ထိုအချိန်က မိတ္ထီလာမြို့တွင် မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ် (၁၄) နှင့် အမှတ် (၃၅) ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များက မြို့လူထု အထိတ်တလန့် မဖြစ်စေရန်၊ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း၊ ပိတ်ဆို့ကင်းများဖြင့် အရေးပေါ် လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ပေးခဲ့ကြောင်း မိတ္ထီလာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


The Voice Weekly

No comments:

Post a Comment