Monday, June 9, 2014

ဦးသိန်းစိန် လူကြိုက်ပိုများဆိုသည့် အိုင်အာရ်အိုင်စစ်တမ်း တုံ့ပြန်မည်

ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် International Republican Institute (IRI) ၏ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စစ်တမ်းပါ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက် ပိုများသည်ဆိုသည့် အချက်အလက်အပေါ် လိုအပ်ပါက သက်ဆိုင်သူတို့နှင့် ရုပ်သံက တိုက်ရိုက် ဆွေးနွေး ခန်းပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ နိုင်ငံ တကာနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

“စစ်တမ်းကောက်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းယေဘူယျဆန်တယ်။ စစ်တမ်းထဲက အချက်တော်တော်များများကို ထောက်ပြလို့ရတယ်။ လိုအပ်ရင် ကျွန်တော်တို့က အဲဒီအဖွဲနဲ့ တိုက်ရိုက်ဆွေးနွေးတာကို ရုပ်သံကတိုက်ရိုက်လွှင့်တာထိ လုပ်ဖို့ရှိတယ်” ဟု ဦးတိုးကျော်လှိုင် က ပြောသည်။

ယင်းထုတ်လွှင့်မှုအတွက်ကို ပုဂလိက ရုပ်သံလိုင်းတစ်ခုနှင့် ဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တမ်းပါအချက်အလက်မှားယွင်းမှုအပေါ် ပြန်လည်သက်သေပြနိုင်ရေးအတွက် အစည်းဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းစစ်တမ်းပါ အချက်အလက်များ မှားယွင်းမှုကို ထောက်ပြနိုင်ရန် ဇွန်လ ၁၅ ရက် တော်ဝင်နှင်းဆီ တွင် ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ ခေါင်းစဉ်ဖြင့် စာရေးဆရာဦးဖေမြင့်၊ ကယန်း ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်နှင့် ဆရာမောင်သံတိုင် ဘောဂဗေဒ တို့က ဆွေးနွေးကြ မည်ဖြစ်ပြီး ယင်းသည် စစ်တမ်းပါအချက်များ မှားယွင်းမှုကို စတင် သက်သေပြခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တမ်းကောက်ယူခဲ့သည့် IRI နှင့် အထောက်အပံ့ပေးခဲ့သည့် USIAD တို့ကိုလည်း ဖိတ်ကြားထားသည်။

IRI ကို USAID က အထောက်အပံ့ပေးထားခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပြည်တွင်းအခြေစိုက် MSR (Myanmar Savory Resarch) အဖွဲ့က ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို သမ္မတထံ တင်ပြပြီးမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment