Monday, June 9, 2014

ကော့သောင်းတွင် ယာဉ်ထိန်းရဲနှင့် မြို့ခံများ ပဋိပက္ခ မကြာခဏဖြစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲနှင့် ဒေသခံပြည်သူများမှာ မကြာခဏ ပဋိပက္ခ ဖြစ်ပွားလျက် ရှိကြောင်း ကော့သောင်း မြို့ခံများထံမှ သိရသည်။

ယာဉ်ထိန်းရဲများက စည်းကမ်း မလိုက်နာသည့် ယာဉ်များ ဖမ်းဆီးသည့်အခါ တစ်ဦးနှင့် တစ်ဦး စကားအပြောဆို တင်းမာမှုများ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် ပြုလုပ် သည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ပြီးခဲ့သည့်အပတ်က အစိုးရဝန်ထမ်း တစ်ဦးနှင့် ယာဉ်ထိန်းရဲ စကားအခြေတင် ဖြစ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကလည်း ဦးထုပ်မဆောင်းဘဲ ၃ ယောက် စီးလာသည့် ဆိုင်ကယ်အား ဖမ်းဆီးလိုက်ရာ ယင်းဆိုင်ကယ် မောင်းလာသူနှင့် ယာဉ်ထိန်းရဲ အခြေတင် စကားများကာ ယာဉ်ထိန်းရဲအား ထိုးကြိတ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ပြေးသွားခဲ့ကြောင်း လိုက်လံ ဖမ်းဆီးပေးရာတွင် ပါဝင်သည့် ဦးစိုးလွင်က ပြောကြားသည်။

အနီးအနားရှိ ရပ်ကွက်နေ ပြည်သူများနှင့် ယာဉ်ထိန်းရဲများက ဘုန်းကြီးကျောင်းအတွင်း လိုက်သွားစဉ် ဘုန်းကြီးတစ်ပါးနှင့်အတူ အဆိုပါ ထွက်ပြေးသွားသူက လာရောက် အဖမ်းခံခဲ့ကြောင်း၊ အဖမ်းခံစဉ်တွင် ၎င်း၏ မျက်နှာတွင် သွေးကဲ့သို့ နီရဲနေသည့်အတွက် အနီးကပ် ကြည့်သည့်အခါမှ မျက်နှာတွင် ဆေးအနီများ လိမ်းထားသည်ဟု သိရကြောင်း ရပ်ကွက်နေ ပြည်သူများနှင့် ယာဉ်ထိန်းရဲများထံမှ သိရသည်။

ယာဉ်ထိန်းရဲများအနေနှင့် ယာဉ်များ ဖမ်းဆီးသည့်အခါ ဒေသခံများနှင့် စကား အချေအတင် ဖြစ် သည်ကို နေ့စဉ်လိုလို မြင်တွေ့နေရသော်လည်း ယခုကဲ့သို့ ကိုယ်ထိ လက်ရောက် ဖြစ်သည်ကို မမြင်ဖူးကြောင်း ဆိုင်ကယ်အငှားယာဉ် မောင်းသူ များက ပြောကြားသည်။


 The Voice Weekly

No comments:

Post a Comment