Monday, July 28, 2014

ကချင်စစ်ပွဲများကြောင့် ဒုက္ခသည်ရှစ်သောင်းကျော်အကူညီလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာယူအင်န်လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်စစ်ပွဲများကြောင့် ဒုက္ခသည် စခန်းတွင်နေထိုင်နေရသည့် လူဦးရေရှစ် သောင်းကျော်မှာထောက်ပံ့ကူညီမှုများလိုအပ် နေကြောင်း ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စယန် ဟီးလီက ဇူလိုင် ၂၆ရက်က မင်္ဂလာဒုံလေဆိပ် ၌ပြုလုပ် ခဲ့သည့်သတင်းစာရှင်းပွဲတွင်ပြော ကြားခဲ့ခြင်းဖြစ်သည်။
''လက်ရှိမှာကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ဒုက္ခသည်ပေါင်း ၈၅ဝဝဝ လောက် အကူအညီတွေ လိုအပ်နေတယ် ဆိုတာတွေ့ခဲ့ရတယ်''ဟု မစ္စယန်ဟီးလီက ဆိုသည်။ မြန်မာနိုင်ငံတွင် ၁ဝရက် ကြာလာ ရောက်လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း ကျန်ရှိနေသည့်သက် တမ်းအတွင်း ကြီးမားသည့် စိန်ခေါ်မှုများရှိ သည်ဟု ယင်းကသုံးသပ်သည်။

ထို့ပြင်မြန်မာနိုင်ငံ၏မီဒီယာ လောကသည်လည်း ကြီးမားသည့်စိန်ခေါ်မှုများ ကြုံတွေ့ နေရသည်ကိုမြင်တွေ့ ခဲ့ရကြောင်း မစ္စယန်ဟီးလီက ဆိုသည်။
''လတ်တလောမှာမြန်မာနိုင်ငံက သတင်းထောက် တချို့ထောင်ချခံနေရတာ ဟာ မြန်မာ့မီဒီယာလောကရဲ့ စိန်ခေါ်မှုတွေ အဖြစ် တွေ့ခဲ့ရပါတယ်'' ဟုပြောသည်။ ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၁၆ ရက်တွင် ရောက်ရှိ ခဲ့ပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၊ ပဋိပက္ခ များဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့်စစ်ပွဲ များဖြစ်ပွားခဲ့သည့်ကချင်ပြည်နယ်တို့ရှိ ဒုက္ခ သည်စခန်းများအပြင် ဆူပူမှုများဖြစ်ပွားခဲ့ သည့် မန္တလေးမြို့များသို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူများ အရပ်ဖက် အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ ကြောင်းသိရသည်။
ထို့ပြင်နေပြည်တော်၌ ဒေါ်အောင် ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ နယ်စပ်ရေးရာဝန်ကြီး ၊ ပြန်ကြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းနှင့် ဦးအောင်မင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီး၊ အလုပ် သမားရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးတို့အပြင်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်လူ့အ ခွင့်အရေးကော်မတီ ဥက္ကဋ္ဌတို့နှင့်လည်းတွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင် ၂၆ရက် နေ့လည်ပိုင်းတွင် ၈၈မျိုးဆက်အဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး လယ်ယာ မြေသိမ်းဆည်းခံရမှုများ လယ်သမားများ တရားစွဲဆို ထောင်ချခံနေရမှုများကို တင်ပြ ခဲ့ကြောင်းသိရသည်။
ထို့ပြင် မြန်မာဂျာနယ် လစ်ကွန်ရက်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သတင်းမီဒီယာသမားများအခွင့်အရေးချိုး ဖောက်ခံနေရသည့်ကိစ္စများ၊ ဖမ်းဆီးထောင်ချမှုများတရားစွဲခံနေရမှုများကိုတင်ပြ ခဲ့ကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက်မှအ တွင်းရေးမှူးကိုအောင်သူရကပြောသည်။
၁ဝ ရက်ကြာလေ့လာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး ကြေညာ စာတမ်းကို လာမည့် အောက်တိုဘာတွင် ကျင်း ပမည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားလူမျိုးမစ္စယန်ဟီးလီ ကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အ ခွင့်အရေးကိုယ်စားလှယ်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန်လတွင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မစ္စယန်ဟီးလီသည် ကုလသမဂ္ဂ ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မ တီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူး ကြောင်းသိရသည်။

မင်းဟိန်းထက် - Flower News ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၉)။
Yangon Media Group

No comments:

Post a Comment