Wednesday, July 2, 2014

ပုတီးကုန်း အ.ထ.ကကျောင်းဝရန်တာပြိုကျ၍ ကျောင်းအုပ်ကြီး တာဝန်မှရပ်ဆိုင်းခံရ

အခြေခံပညာကျောင်းများ ပထမဆုံး ပြန်လည် စတင်ဖွင့်သည့်ရက်တွင် ကျောင်းဝရန်တာ ပြိုကျခဲ့သောကြောင့် ကျောင်းသား ၁၇ ဦး ဒဏ်ရာရခဲ့သည့် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ အထက်တန်းကျောင်းအုပ်ကို လစာတစ်ဝက်ဖြင့် ကျောင်းအုပ်တာဝန်မှ ရပ်ဆိုင်းထားကြောင်း သဲကုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ကျောင်းဝရန်တာ ပြိုကျတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်နေတယ်။ ဇွန် ၅ ရက်ကတည်းက အမိန့်စာထွက်ပြီးတော့ နားခံထားရတယ်။ အမှုရင်ဆိုင်တဲ့ ကာလတစ်လျှောက်လုံးတော့ တာဝန်ရပ်နား ခံထားရနိုင်တယ်” ဟု အဆိုပါ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တာဝန်မှ ရပ်ဆိုင်းခံထားရသည့် ပုတီးကုန်း အထက်တန်း ကျောင်းအုပ်ဆရာကြီးသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပေ။

ဇွန်လ ၂ ရက် နံနက် ၈ နာရီခန့်က ပင်မကျောင်းဆောင်ဖြစ်သည့် ပတ္တမြားဆောင် ကျောင်းဝရန်တာ အောက်ရက်မကျိုးပြီး ပြိုကျခဲ့၍ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုးဦးမှာ အတွင်းလူနာ၊ ရှစ်ဦးမှာ ပြင်ပလူနာအဖြစ် ဆေးရုံတွင် ကုသခဲ့ရကြောင်း ပုတီးကုန်း တိုက်နယ်ဆေးရုံက ထုတ်ပြန်ခဲ့သည်။

ပြိုကျခဲ့သည့် ကျောင်းဝရန်တာကို ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်ဖြင့် ပြန်လည် ပြင်ဆင်ခဲ့ပြီးဖြစ်ကာ ပေ ၉၀၊ ပေ ၃၀ ရှိ တစ်ထပ်ကျောင်းဆောင်ကိုလည်း ဆောက်လုပ်နေကြောင်း သဲကုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

အဆိုပါကျောင်းရှိ ယင်းအဆောက်အအုံမှာ ၁၉၅၂ နှစ်က ဆောက်လုပ်ခဲ့သည့် RC နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ကျောင်းပြုပြင်စရိတ် အလုံအလောက် မရသဖြင့် ပြင်ဆင်နိုင်ခြင်းမရှိ၍ ပြိုကျခဲ့ရခြင်း ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။


The Voice Weekly

No comments:

Post a Comment