Wednesday, July 2, 2014

လာဘ်ငွေ သိန်း ၅၀ ယူသူ တရားသူကြီး ဒေါ်ခင်လဲ့လဲ့အား ဒု-မြို့နယ် တရားသူကြီးအဖြစ် ရာထူးလျှော့ချ၊ လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားသူ တရားသူကြီးအား ပြည်သူ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လဲ့လဲ့အား လာဘ်ငွေ သိန်း ၅၀ တောင်းယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖျာပုံမြို့ ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ချ ရွှေ့ပြောင်းကြောင်းကို ဇွန် ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ဒေါ်ခင်လဲ့လဲ့သည် ၂၀၁၃ ခုနှစ်အတွင်း မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် အမှုသည် ဒေါ်အေးအေးမာ (ယခု ထောင်ခြောက်လ ကျခံနေရသူ) ထံမှ ပုဒ်မ ၄၂၀ လိမ်လည်မှုအတွက် ထောင်နှစ်နှစ် မကျခံလိုလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု မဖြူမှတစ်ဆင့် တောင်းယူကြောင်းကို ဒေါ်အေးအေးမာ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံ တိုင်စာမှသော် လည်းကောင်း၊ ဒေါ်အေးအေးမာ၏ ခင်ပွန်းဖြစ်သူ၏ ပြောကြားချက်အရသော် လည်းကောင်း သိရသည်။“မအေးအေးမာကို အမိန့်ချမယ့် ရက်မှာပေါ့။ ကျွန်တော် ရက်အတိအကျတော့ မမှတ်မိဘူး။ မအေးအေးမာက သူ့ရဲ့မိတ်ဆွေ မုံရွာက မဖြူနဲ့ တရားသူကြီးဆီ နှစ်ခေါက်သုံးခေါက်လောက် သွားဖူးတယ်ထင်တယ်။ အမိန့်ချမယ့်နေ့မှာ မဖြူက အစောကြီး လှမ်းခေါ်တာပေါ့။ ကျွန်တော်လည်း လိုက်သွားတယ်။ မဖြူ အိမ်ကို ရောက်တဲ့အခါကျတော့ တရားသူကြီးက သိန်း ၅၀ တောင်းနေတယ်ပေါ့။
၅၀ မပေးလို့ရှိရင် နှစ်နှစ်ကျမယ်ပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြာသွားတာပေါ့ဗျာ။ သိန်းငါးဆယ်ကို ကျွန်တော်ရှာပေးလိုက်တယ်။ မဖြူက တရားသူကြီးကို သွားပေးတဲ့အခါကျတော့ ဒီနေ့ အမိန့်မချတော့ဘူး။ ခွင့်တင်လိုက်ပါတဲ့ဆိုတော့ ကျွန်တော်ခွင့်တင်လိုက်ပါတယ်။ သူက ထောင်နှစ်နှစ် ကျတယ်ဆိုတာ ဒဏ်ငွေတစ်သိန်းနဲ့ ညီတယ်လို့ ပြောတယ်။ နောက်ရက်ကျ ဒဏ်ငွေတစ်သိန်းလည်း ယူခဲ့ပါပေါ့။ နောက်တစ်ရက် အမိန့်ချတဲ့ အခါကျတော့ ဒဏ်ငွေတစ်သိန်းနဲ့ ပြီးသွားတာပါ။ ဟိုဘက်က မကျေနပ်လို့ တိုင်းရုံးကို ထပ်တက်တာ။ တိုင်းရုံးကနေ ထောင်ခြောက်လကျတာပါ။ တိုင်းတရားသူကြီးက ဦးဝင်းမြင့်ပါ” ဟု ဒေါ်အေးအေးမာ၏ ခင်ပွန်းက ဆိုသည်။
မြို့နယ်တရားသူကြီး ဒေါ်ခင်လဲ့လဲ့အတွက်၂၀၁၃ ခုနှစ် မေ ၂၃ ရက်တွင် ဒေါ်အေးအေးမာက ကျပ်သိန်း ၅၀ ပေးခဲ့ရကြောင်း၊ တရားသူကြီး ဒေါ်ခင်လဲ့လဲ့က ဥပဒေအရာရှိအတွက် လာဘ်ငွေနှစ်သိန်း ထပ်တောင်းသည့်အတွက် ပေးခဲ့ရကြောင်းကို ၎င်း၏တိုင်ကြားစာများအရ သိရသည်။
ဒေါ်ခင်လဲ့လဲ့ လာဘ်ငွေယူခြင်း ကိစ္စကို ပေးခဲ့ရသည့် အမှုသည်ကိုယ်တိုင် လွှတ်တော်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များအား တိုင်တန်းခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်ခိုင်းခြင်းကြောင့် စစစ က စစ်ဆေးရာ စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။ ယင်းနောက် ဌာနတွင်း စစ်ဆေးပြီး ရာထူးသုံးနှစ် လျှော့ချခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အမှန်တကယ် လာဘ်ငွေသိန်းငါးဆယ်ယူခဲ့သူ မုံရွာတရားသူကြီး ဒေါ်ခင်လဲ့လဲ့အား ဒု-မြို့နယ် တရားသူကြီးအဖြစ် ဖျာပုံမြို့သို့ ရာထူးသုံးနှစ် လျှော့ချခဲ့သော်လည်း ယင်းနေ့ (၂၀၁၄ ဇွန် ၁၆ ရက်) ၌ပင် မြို့နယ်တရားသူကြီးဟောင်း ဦးမင်းသော်ထွေးအား စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တရားရုံးတွင် ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ထုတ်ပယ်ကြောင်း အမိန့်စာကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ထုတ်ပြန်ခဲ့သည်။ ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ရသည့် အကြောင်းပြချက်မှာ တရားရေးဌာနတွင် အထက်အဆင့် အကြီးအကဲများ ရှိပါလျက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံ လိပ်မူ၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အဖွဲ့အား အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးမင်းသော်ထွေးအား အထက်လူကြီးအပေါ် သစ္စာမရှိဘဲ စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် အပြုအမူကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တရားရေး ၀န်ထမ်းတစ်ဦးက တရားရေးမဏ္ဍိုင်ရှိ အထက်လူကြီးများ၏ ဥပဒေမဲ့ ကိစ္စရပ်များအား လွှတ်တော်ကိုယ်စားလှယ်ထံ တိုင်ကြားခြင်းကြောင့် ပြည်သူ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းအပေါ် ၎င်းတို့တိုင်ကြားထားသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အစိုးရ၀န်ထမ်းတွေ အပါအ၀င် ပြည်သူအားလုံးက လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားခွင့်ရှိပါတယ်။ တစ်ခုရှိတာက နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ ဆိုတာကတော့ ပြန်ကြည့်ရမှာပေါ့” ဟု သုံးသပ်ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment