Wednesday, July 2, 2014

အာဏာရှင်စနစ်ကို အားပေးသည့် မဘသကို ယုံကြည်မှုနည်းလာဟု မဘသ ဆရာတော်မိန့်

မဟာသန်္တိသုခအရေးကိစ္စကို တစ်စုံတစ်ရာ ပြောကြားခြင်းများမရှိဘဲ အာဏာရှင်ကြိုက် လုပ်ဆောင်ခြင်းများ တွေ့လာရသည့်အတွက် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) အပေါ် အဖွဲ့ဝင်သံဃာတော်အချို့က ယုံကြည်မှု အားနည်းလာသည်ဟု မဘသအဖွဲ့ဝင် ဦးသောဘိတ (ဘ၀အလင်းရောင် ဆရာတော်)က မဇ္ဈိမကို မိန့်သည်။
“အဓိက ကတော့ အာဏာရှင်စနစ်ကို အားပေးတဲ့စကားသံတွေ လုပ်ရပ်တွေကို လုပ်တာပဲ။ သူတို့သွားနေတဲ့ လမ်းကြောင်းက မဘသအတိုင်း သွားမယ်ဆိုရင် မပြောလိုဘူး။ ဒါပေမဲ့ သွားနေတဲ့ လမ်းကြောင်းက အတိုက်အခံ အင်အားစုတွေကို အပုပ်ချတယ်။ စစ်အစိုးရကြိုက်တဲ့ စကားတွေကို ပြောတယ်။ မဟာသနိ္တသုခကိစ္စမှာ တစ်စုံတစ်ခု ၀င်ရောက်ပြောဆိုမှု မရှိဘူး”ဟု ဆရာတော်က မိန့်သည်။

ဗုဒ္ဓဘာသာကို အခြားဘာသာက ဖျက်ဆီးမှသာ ဘာသာ၊ သာသနာကို ဖျက်ဆီးသည်ဟုဆို၍မရဘဲ ဖျက်ဆီးသူ မည်သူပင်ဖြစ်စေ ဘာသာ၊ သာသနာကို ဖျက်ဆီးသူဟု သတ်မှတ်ရမည်ဖြစ်သည့်အတွက် မဟာသန်္တိသုခအရေး မဘသအနေဖြင့် နှုတ်ဆိတ်သည့်အပေါ် ဆရာတော်က ဝေဖန်မိန့်ကြားလိုက်ခြင်းဖြစ်သည်။

ဆရာတော်ဦးသောဘိတ၏ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာထောင်ကျော်ရှိသော်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ယုံကြည်သည့် သံဃာ့အရေအတွက်မှာ ဆယ်ဂဏန်းသာရှိသည်ဟု အဆိုပါ ဆရာတော်က မိန့်သည်။
ရွှေည၀ါဆရာတော်ကလည်း မဘသ သည် ယခင်အစိုးရ လက်ထက်က ဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းနှင့် လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သည့် သံဃာများ ထိခိုက်ဒဏ်ရာရမှုများနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာပါဝင်မှု မရှိခဲ့သည့် သံဃာများက ဦးဆောင်တည်ထောင်ထားကြောင်း ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် မေတ္တာတရားနှင့် နိုင်ငံတော် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မိန်ကြားခဲ့သည်။

“သာသနာနဲ့ သံဃာကို ဒီလိုအနိုင်မကျင့်နဲ့။ အဲဒါလေးတော့ ၀င်ပြောသင့်တယ်။ မှတ်ချက်လောက်တော့ ပေးပေါ့။ ဒါအမျိုးဘာသာ သာသနာကိစ္စ မဟုတ်ဘူးလား”ဟု ဆရာတော်ကမိန့်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ မဟာသနိ္တသုခကိစ္စနှင့် ပတ်သက်၍ သံဃာချင်းဖြစ်ပွားသည့်ကိစ္စ ဖြစ်သည့်အတွက် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဟု မဘသအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင်မောင်က ပြောခဲ့ဖူးသည်။

မဘသအဖွဲ့ ဦးဆောင်ဆရာတော် ဦးဝီရသူက “ယုံကြည်မှု အားနည်းလာတဲ့ သံဃာတော်တွေကို ပြောချင်ပါတယ်။ သံဃာအချင်းချင်းဖြစ်တဲ့ကိစ္စမှာ မဘသက ၀င်ပါလို့ မရပါဘူး။ ၀င်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ အမျိုးသားရေး သက်သက်
ဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဟနနဲ့ မျက်နှာပျက်ရမယ့် အလုပ်ကို မဘသမှာ လုပ်ခွင့်မရှိပါဘူး”ဟု မိန့်ကြားသည်။
လက်ရှိအချိန်တွင် မဘသအဖွဲ့ခွဲများကို မြို့နယ်ပေါင်း ၂၀၀ နီးပါးတွင် ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် သံဃာထု ငါးသိန်းရှိသည့်အနက် သံဃာအားလုံးနီးပါးနှင့် ဆက်သွယ်မှုရှိနေသည်။ အမျိုး၊ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကိုသာ သနာတော်တည်တံ့ရေး၊ ပြန့်ပွားရေးနှင့် အမျိုးသားရေးဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။

Mizzima

No comments:

Post a Comment