Friday, August 1, 2014

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ

ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့ အသုံးပြုနေ သူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။ အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူး သဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခင်က မိုဘိုင်းအင်တာနက်အသုံးပြုခကို မိနစ်အလိုက် ကောက်ခံသည့် စနစ်မှ Data နှင့် ကောက်ခံ သည့် စနစ်သို့ ကူးပြောင်းရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ကြိုးစားခဲ့သည်။ အင်တာနက်အသုံးပြုများသည် Data နှင့် ကောက်ခံသည့် စနစ်ကို အပြည့်အ၀နားလည်ခြင်းမရှိသည့်အတွက် အစီအစဉ်ကို ထောက်ခံခဲ့ခြင်းမရှိဘဲ ကျသင့်ငွေများပြားမည်ဖြစ်သည့်အတွက် လက်မခံဟု သာ ပြန်လည် ပြောဆိုခဲ့ ကြသည်။ လွန်ခဲ့သော ၁ နှစ်ကျော်ကာလက မြန်မာ့ဆက်သွယ်ရေး ကောက် ခံမည်ဟူသော အင်တာနက် အသုံးပြုခဈေးနှုန်းသည် 100Kbps လျှင် မြန်မာငွေ ၂ ကျပ်ဖြစ်ပြီး ယနေ့ အော်ရီဒူးကောက်ခံသည့် ဈေးနှုန်းမှာ 1MB လျှင် မြန်မာ ကျပ်ငွေ ၂၅ ကျပ်ဖြစ်သည်။
နေ့စဉ် အင်တာနက်အသုံးပြုသူများ၏ တွက်ချက်မှုအရ မြန်မာဆက်သွယ်ရေး သတ်မှတ်ခဲ့သည့် အင်တာနက် အသုံးပြု ခနှင့် အော်ရီးဒူး သတ်မှတ်သည့် အင်တာနက်အသုံးပြုခမှာ ထူးခြားစွာပြောင်းလဲလာခြင်းမရှိဟု သိရသည်။ အော်ရီဒူးမိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများသည် အင်တာနက်အ သုံးပြုခနှင့် ကောက်ခံသည့် နှုန်းထားနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ များပြားသည်ဆိုကာ ဝေဖန် ပြောဆိုခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ပါက အော်ရီဒူး သတ်မှတ်လိုက်သည့် အင်တာနက်နှုန်းထားမှာ အမှန်ပင် မြင့်မား သည်ဟုလည်း သိရသည်။
အလားတူ မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း တစ်မိနစ်လျှင် ၂၅ ကျပ်အောက် ကျသင့်မည်ဟု ပြောဆိုထားသည့် အော်ရီဒူးသည် ၎င်းတို့ မိုဘိုင်းဖုန်းအချင်း ချင်း ပြောဆိုသည့်အခါ၌သာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံပြီး မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းဖုန်းလိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့သည်။ အော်ရီဒူး သတ်မှတ်သည့် အသုံးပြုခ ၀န်ဆောင်မှုနှုန်းထားများနှင့်ပတ်သက်၍ နှစ်ရက် တာကာလအတွင်း ဖေ့စ်ဘုတ် စာမျက်နှာ၌ လူအများစုက ဝေဖန်ပြစ်တင်ထားသည်။
Internet Journal

No comments:

Post a Comment