Saturday, August 9, 2014

နိုင်ငံများ၏ တရားဥပဒေစိုးမိုးမှုအဆင့် သတ်မှတ်ရန် ၉၉ နိုင်ငံအား စစ်တမ်းပြုရာ၌ မြန်မာက အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း World Justice Project အဖွဲ့ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီအခြေစိုက် အစိုးရအဖွဲ့အစည်းမဟုတ်သော World Justice Project (WJP) အဖွဲ့အ စည်း၏နေ့စဉ် လူမှုဘ၀ဆိုင်ရာ တရားဥပဒေစိုးမိုးမှု ကမ္ဘာစစ်တမ်းတစ်ရပ်တွင် နိုင်ငံပေါင်း ၉၉ နိုင်ငံအား သုတေသနပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း သိရသည်။ အဆိုပါ WJP အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ်အတွက် တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်သောစစ်တမ်းကို သြဂုတ် ၆ ရက်က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး လူနေမှုဘ၀တွင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူတို့၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှု စံနှုန်းများကို အဓိကစစ်တမ်းပြုစုခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော WJP အဖွဲ့အစည်းသည် မည်သည့်အစိုးရ၏ ထောက်ပံ့မှုကိုမှ ရယူခြင်းခြင်းမရှိသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေကာ ကမ္ဘာ့နိုင်ငံတိုင်းတွင် တရားဥပဒေစိုးမိုးမှု ပိုမိုဖြစ်ထွန်းလာစေရန် အစဉ်တစိုက်လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။

၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဥပဒေကျွမ်းကျင်သော ပညာရှင် ၂၄၀၀ ခန့် ဦးဆောင်၍ အိမ်ထောင်စုပေါင်း တစ်သိန်းကျော်ကို အခြေခံစစ်တမ်း ပြုလုပ်ကာ အဖြေမှန်ထွက်ရှိရေးကို လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် အစိုးရအဖွဲ့အစည်းများ၏ တရားဥပဒေလေးစား လိုက်နာမှုထက် ပြည်သူများ၏ တရားဥပဒေလေးစား လိုက်နာမှုကိုသာ အလေးပေးစစ်တမ်းပြုလုပ် ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံတွင် တရားဥပဒေနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးသည့် အချက်က ပြည်သူများအား တရားဥပဒေဆိုင်ရာ ကျင့်ဝတ်များနှင့် လျော်ညီစွာ နေ့စဉ်ဘ၀နေထိုင်မှုတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း အဖြေထွက်လာခဲ့သည်။ WJP အဖွဲ့အစည်းအနေဖြင့် လေ့လာရမည့် အချက်ပေါင်း ၄၇ ခုတွင် တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကဏ္ဍပေါင်းရှစ်ခုခွဲကာ လေ့လာခဲ့ခြင်းဖြစ်ပြီး ထိုကဏ္ဍရှစ်ခုမှာ အစိုးရအာဏာ အကန့်အသတ်ရှိမှု (Constraints on Government Powers)၊ လာဘ်ပေးလာဘ်ယူခြစားမှု ကင်းရှင်းမှု (Absence of Corruption)၊ ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ရှိမှု (Open Government)၊ အခြေခံလူ့အခွင့်အရေး ကောင်းမွန်မှု (Fundamental Rights)၊ အမိန့်တည်တံ့မှုနှင့် လုံခြုံမှုဆိုင်ရာစနစ်ပြည့်ဝမှု (Order and Security)၊ စည်းမျဉ်းစည်းကမ်းများအပေါ်တွင် အာဏာတည်တံ့မှု (Regulatory Enforcement)၊ ပြည်သူရေးရာတရားမျှတမှု (Civil Justice)၊ ပြစ်မှုဆိုင်ရာတရားမျှတမှု (Crim- inal Justice) တို့ဖြစ်ကြသည်။

WJP ၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် အမိန့်တည်တံ့မှုနှင့် လုံခြုံမှုဆိုင်ရာ စနစ်ပြည့်ဝခြင်းမှာ နိုင်ငံ ၉၉ နိုင်ငံတွင် အဆင့် ၆၀ အထိ ရပ်တည်နေပြီး ငွေကြေးခြစားမှုတွင်လည်း အဆင့် ၆၃ တွင် ရပ်တည်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကအားနည်းနေသည့် ကဏ္ဍများမှာ အခြေခံလူ့အခွင့်အရေးရရှိမှုနှင့် ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ် ပိုင်ဆိုင်မှုတို့ပင်ဖြစ်ကာ ယင်းနှစ်ရပ်စလုံး၌ အခြေခံလူ့အခွင့်အရေး ရရှိမှုက အဆင့် ၉၇ နှင့် ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ပိုင်ဆိုင်မှုက ၉၆ တို့တွင် အသီးသီး ရပ်တည်နေကြသည်။ ယခုစစ်တမ်းကောက်ယူမှုတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ၉၄ နိုင်ငံကိုချန်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်း ၉၄ နိုင်ငံတို့ တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် လာအိုနှင့်ဘရူနိုင်းတို့ ပါဝင်ကြောင်း သိရသည်။

WJP က တရားဥပဒေစိုးမိုးရေးသည် တရားမျှတမှုနှင့် အခွင့်အရေးဖြစ်တည်မှုတို့၏ လမ်းစဖြစ်ပြီး လူမှုအဖွဲ့အစည်းအားလုံးအတွက် ခိုင်မာသော စီးပွားရေး တိုးတက်ပြောင်းလဲမှု၊ အသိအမှတ်ပြုထိုက်သော အစိုးရတစ်ရပ်ဖြစ်တည်မှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့၏ ရေသောက်မြစ် ဖြစ်သည်ဟု ပြောကြားသည်။

၎င်းတို့ ထုတ်ပြန်သော နိုင်ငံများစာရင်းတွင် တရားဥပဒေစိုးမိုးမှုပိုင်း၌ ထိပ်ဆုံးတွင်ရှိနေသော နိုင်ငံများမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ အဆင့် ၁၉ တွင်သာ ရပ်တည်နိုင်သော်လည်း ဟောင်ကောင်မှာ အဆင့် ၁၆ တွင် ရပ်တည်လျက်ရှိသည်။ စင်ကာပူမှာ အဆင့်သတ်မှတ်ခံရမှု ၁၀ ဖြင့် ထိပ်ဆုံးနိုင်ငံများ စာရင်းဝင်ခွင့်ရခဲ့ပြီး တောင်အာရှနိုင်ငံများထဲတွင် အဆင့်သတ်မှတ်ခံရမှု အမြင့်ဆုံးနိုင်ငံမှာ သီရိလင်္ကာဖြစ်ကာ အဆင့် ၄၈ တွင် ရပ်တည်နေသည်။ အဆင့် ၈၉ အဖြစ် သတ်မှတ်ခံရသည့် မြန်မာနိုင်ငံ၏အောက်တွင် ယူဂန္ဓာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဇင်ဘာဘွေနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ ပါဝင်နေကြောင်း စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment