Friday, October 31, 2014

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအားရပ်တန့်ပေးရန် မီဒီယာသမားများ နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်မည်

သတင်းမီဒီယာလောကအပေါ် ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုများအား ရပ်တန့်စေရန် မီဒီယာသမားများက အာဏာပိုင်အဖွဲ့အစည်းများအား ဆန္ဒပြတောင်းဆိုမှုကို နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။

အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ အပါအ၀င် ငါးဦးအား ပန်းဘဲတန်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်ချမှတ်မှု၊ ယူနတီသတင်းဂျာနယ်မှ CEO အပါအ၀င် သတင်းထောက် များအား ပခုက္ကူခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက် ပေါက်ကြားမှု ဥပဒေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်
၁၀ နှစ်စီ ချမှတ်မှု၊ DVB သတင်းထောက် ကိုဇော်ဖေအား မကွေးမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန် မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်မှု၊ Eleven Media Group ၏ နယ်သတင်းထောက် မခိုင်(ခ) နော်ခိုင်ခိုင်အေးအား လွိုင်ကော်မြို့နယ်တရားမှ အိမ်ကျော်နင်းမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလချမှတ်မှု စသည့်ဖြစ်စဉ်များမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွား ခဲ့ပြီး သတင်းသမားအနေဖြင့် သတင်းရေးသားရာနှင့် သတင်းရယူမှုတို့တွင် ဖိနှိပ်ချုပ်ချယ်ခြောက်လှန့်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဆန္ဒပြရန်စီစဉ်ရခြင်းဖြစ်သည်။

သတင်းထောက်များအား အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် တရားစွဲဆိုဖမ်းဆီးထောင်ချမှုများကို ပြည်တွင်းရှိ စာနယ်ဇင်းအဖွဲ့အစည်းများ၊ ပြည်ပရှိစာနယ်ဇင်းအဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချမှုများ၊ သက်ညှာစွာစဉ်းစားပေးရန် သဘောထားထုတ်ပြန်မှုများပြုလုပ်ခဲ့သော်လည်း သတင်းထောက်များအတွက် ထိရောက်သည့်အကာကွယ်များမရှိခဲ့ပေ။

"Bi မွန်းတည့်နေဂျာနယ်သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေအတွက် အယူခံဝင်ပေမယ့်လည်း ပလပ်ခံရတာတွေရှိနေတယ်။ ယူနတီသတင်းထောက်တွေ ထောင်ဒဏ်ချမှတ် ခံရတုန်းကလည်း  စာနယ်ဇင်းအဖွဲ့အစည်းတွေ သက်ဆိုင်ရာကိုဆွေးနွေး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ထိရောက်တဲ့အကာကွယ်ပေးမှု တွေမရခဲ့ဘူး။ အဲဒါကြောင့်မီဒီယာသမားတွေအပေါ် အကာအကွယ်ပေးဖို့တောင်းဆိုမယ်။ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေရပ်တန့်အောင် တောင်းဆိုမယ်။ ပြီးတော့ ကိုပါကြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြသွား မှာပါ" ဟု သမဂ္ဂဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က အောက်တိုဘာ ၃၀ ရက်တွင် ဆိုသည်။

ယင်းသို့ဆန္ဒပြရန်အတွက် သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုမိန့်တောင်းခံထားပြီးလူဦးရေ ၂၀၀ ပါဝင်ဆန္ဒပြမည်ဟု ရေးတင်ထားကြောင်း သိရသည်။ ဆန္ဒပြရာတွင် ဆူးလေဘုရားအား နှစ်ပတ်စီတန်းလှည့်လည်မှုပြုလုပ်၍ ဆူးလေဘုရားပေါ်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသောမီဒီယာသမားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment