Friday, October 31, 2014

သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမား တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ်ခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်

သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အမေရိကန် သမ္မတ အိုဘားမား တယ်လီဖုန်းဖြင့် သီးခြားစီ ဆက်သွယ် ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ကြောင်း Reuters နှင့် AP သတင်းဌာနတို့၏ ဖေါ်ပြချက်အရသည်။

အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် ဆက်သွယ်ပြောဆိုရာတွင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများအား ဖြေရှင်းရန် လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ လုပ်ငန်း စဉ်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနိုင်စွမ်းရှိသော ရွေးကောက်ပွဲဖြစ်စေရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြောင်း သိရသည်။



အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြောကြားရာတွင် လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၃၁ ရက် (ယနေ့) နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်မည့် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် နိုင်ငံရေးပါတီကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီ အောက်တိုဘာ ၃၀ တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၃၁) တွေ့ဆုံမှုတွင် ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ(၂) ဦးဥာဏ်ထွန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရပြီး UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBFကိုယ်စားပြုအဖြစ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောကြောင့် အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင် လာရောက်မည်ဟု သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment