Friday, October 31, 2014

အဝေးပြေး ခရီးသည်တင်ယာဉ်များ နိုဝင်ဘာလအတွင်း GPS စနစ် တပ်ဆင်ရမည်

ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များ အနေနှင့် GPS (Global Positioning System) ဂြိုဟ်တုအသုံးပြု ခြေရာခံစနစ်ကို နိုဝင်ဘာလအတွင်း တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါစနစ်ကို တာဝန်ယူ တပ်ဆင်ပေးမည့် B-Smart ကုမ္ပဏီ၊ အမှုဆောင်အရာရှိချုပ် ဦးအောင်ညီညီမော်က ပြောကြားသည်။



“ဒီစနစ် တပ်ထားရင် မတော်တဆမှု ဖြစ်တာနဲ့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း သိရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာပါ။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့လည်း ကိုယ့်ကားရဲ့ အခြေအနေကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ (GPS) စနစ်တွင် ယာဉ်လမ်းကြောင်း စောင့်ကြည့်စနစ်များ၊ ယာဉ်၏ မောင်းနှင်နေသည့် အရှိန်ကို သိရှိနိုင်မည့် စနစ်များ၊ CCTV ကင်မရာမှ တစ်ဆင့် ယာဉ်တစ်စီးလုံးကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် စနစ်များ၊ ယာဉ်မောင်းကို တိုက်ရိုက်ညွှန်ကြားနိုင်မည် စနစ်များ ပါဝင်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“နိုဝင်ဘာလထဲမှာ B-Smart ကုမ္ပဏီ၊ ပြည်ထဲရေး၊ ဆောက်လုပ်ရေး၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ စာချုပ်ချုပ်ဆိုသွားဖို့ ရှိပါတယ်။ စာချုပ်ချုပ်ပြီးရင်တော့ အမြန်လမ်းပေါ် ပြေးဆွဲနေသော အဝေးပြေး ခရီးသည်ယာဉ်တွေ အာလုံး တပ်ဆင်သွားရမှာပါ” ဟု အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီး နေဝင်းက ဆိုသည်။

လက်ရှိ အမြန်လမ်း ၁၁၅ မိုင်တွင် ယာယီ Command Center ဆောက်လုပ်ထားပြီး မကြာခင် အတည်တကျ ထားရှိဖို့ မြေနေရာကို စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ GPS စနစ် တပ်ဆင်ထားသော ယာဉ်များကို ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ရဲမှူးကြီးက ဖြည့်စွက် ပြောကြားသည်။

အဆိုပါ GPS စနစ်ကို ယခင်က အကယ်ဒမီယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကားခြောက်စီးနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှာ မော်တော်ယာဉ် ၂၅ စီးတွင် စတင်စမ်းသပ် အသုံးပြုခဲကြောင်း B-Smart ကုမ္ပဏီထံမှ သိရသည်။

“အရင်ထက်တော့ ယာဉ်မောင်းတွေကို ထိန်းချုပ်လို့ ပိုကောင်းသွားတာပေါ့။ အငှားစနစ်နဲ့ လုပ်တာဆိုတော့ လစဉ် စရိတ်တော့ ရှိတာပေါ့။ နောက် တပ်ဖြစ် မတပ်ဖြစ်ကတော့ ညှိနှိုင်း လုပ်ကိုင်သွားမှာပါ” ဟု အကယ်ဒမီ ယာဉ်လိုင်းပိုင်ရှင် ဦးအေးဇော်က ဆိုသည်။

GPS စနစ် တပ်ဆင်ခြင်းကို အပိုင်တပ်ဆင်ပေးမည် မဟုတ်ဘဲ အငှားစနစ်ဖြင့် ယာဉ်တစ်စီးလျှင် လစဉ် ၂ သောင်းကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ B-Smart ကုမ္ပဏီထံမှ သိရသည်။

ယာဉ်ပိုင်ရှင်များကို GPS စနစ် အသုံးပြုမည့် စက်များကို အပြီးအပြတ် မရောင်းချဘဲ အငှားစနစ်ဖြင့်သာ ပြုလုပ်ခြင်းမှာ ၎င်းစနစ်နှင့် ပတ်သက်သည့် Command Center များ ဆောက်လုပ်၍ ဝန်ဆောင်မှု ပေးခြင်းများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဖျက်ဆီးမည့် အန္တရာယ်များ ကာကွယ်လိုက်ရန် အငှားစနစ်သာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း B-Smart ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုဝေအောင်က ရှင်းပြသည်။

“မဖြစ်မနေ တပ်ဆင်သွားရမယ် ဆိုရင်တော့ တပ်ဆင်သွားမှာပါ။ ယာဉ်လိုင်း အနေနဲ့ကတော့ ခရီးသည်တွေအတွက် ဘေးကင်းလုံခြုံအောင် အလေးထား ဆောင်ရွက်ပေးထားပါတယ်” ဟု ရွှေစင်စကြာ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

B-Smart ကုမ္ပဏီအနေနှင့် သီးခြား Command Center ဆောက်လုပ်သွားမည် ဖြစ်ပြီး GPS စနစ်ကို တပ်ဆင်ထားသောယာဉ်ကို စောင့်ကြည့်၍ ယာဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို နှစ်လခန့်အထိ သိမ်းဆည်းပေးသွားမည် ဖြစ်ပြီး အရေးပေါ် အခြေအနေ ဖြစ်ပေါ်ပါက ယာဉ်ပိုင်ရှင်၊ အမြန်လမ်းရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာ ဌာနများကို သတင်းပို့သွားမည် ဖြစ်ကြောင်း B-Smart ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝေအောင်က ပြောကြားသည်။

ယာဉ်ပိုင်ရှင်များအနေနှင့် ကွန်ပျူတာဖြင့် မိမိယာဉ်၏ အခြေအနေကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်ပြီး ညွှန်ကြားချက်များ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ မန်နေဂျင်း ဒါရိုက်တာက ဆိုသည်။

GPS စနစ် တပ်ဆင်မှုများကို အမြန်လမ်းရဲတပ်ဖွဲ့နှင့် B-Smart ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အမြန်လမ်းရဲတပ်ဖွဲ့ရှိ မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုလျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

(ဇေယျာမင်း)
The Voice Weekly

No comments:

Post a Comment