Friday, December 26, 2014

မန္တလေးတွင် တရုတ်နိုင်ငံသား ငါးဦးကို ပြည်နှင်ဒဏ်ပေး

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ်ရှိ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တွင် မာကျောက် ကစားနည်းဖြင့် လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ငါးဦးကို ပြစ်ဒဏ်များ ကျခံစေပြီးလျှင် ပြည်နှင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။
“ဗီဇာစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်တဲ့ အတွက် ပြည်နှင်သွားမှာပါ” ဟု ၎င်းကဆိုသည်။



အဆိုပါ တရုတ်နိုင်ငံသား ငါးဦးကို လောင်းကစားပုဒ်မဖြင့် အရေးယူထားလျက် ရှိပြီး ချမ်းအေး သာစံမြို့နယ်ရှိ လဝကမှူးရုံးမှ တာဝန်ရှိသူက လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထပ်မံအမှုဖွင့် အရေးယူခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၈) နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သာဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်သည့် တရုတ်နိုင်ငံသား ငါးဦးသည် ချမ်းအေးသာစံမြို့နယ်ရှိ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တွင် တရုတ်ဂဏန်း စာသားပါ ကတ်များကို အသုံးပြု၍ လောင်းကစား ပြုလုပ်နေပြီး၊ သတင်းအရ ဝင်ရောက်စစ်ဆေးရာမှ မာကျောက် ကစားရာတွင် လျှပ်စစ်ဖြင့် တွဲဖက် အသုံးပြုရသည့် စားပွဲခုံတစ်လုံး၊ လောင်းကြေးငွေ ကျပ်သိန်းတစ်ရာကျော်နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သဖြင့် ချမ်းအေးသာစံ မြို့မ ရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၆၆၄/၂၀၁၄၊ လောင်းကစား ပုဒ်မ ၁၃ (က)/၁၄ (က) အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

The Voice Weekly

No comments:

Post a Comment