Friday, December 26, 2014

ယာဉ်တိုက်မှုဖြစ်၍ ဦးနေဝင်းမြေး ဦးဇွဲနေဝင်း ဒဏ်ရာရ

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်ရတနာ ခန်းမရှေ့တွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲက ယခင်စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးဇွဲနေဝင်း စီးနင်းလာသော မော်တော်ယာဉ်ကို အခြားယာဉ်တစ်စီးက ဝင်တိုက်မိပြီး ဦးဇွဲနေဝင်း ဒဏ်ရာရရှိခဲ့ကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ မလိခလမ်းတွင် နေထိုင်သော တက်စုံနေဝင်း ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ အသက် ၃၄ နှစ်အရွယ်ရှိ ဦးဇွဲနေဝင်း စီးနင်းလာသည့် LINCOLN ဝက်ဂွန်အနက်ရောင် မော်တော်ယာဉ်မှာ ရှစ်မိုင်မှ ချော်တွင်းကုန်း မီးပွိုင့်ဘက်သို့ မောင်းနှင်လာစဉ် ၎င်း၏ ယာဉ်နောက်မှ မစ်ဆူဘီရှီ ကင်တာဗင် အငှားယာဉ်က အရှိန်မထိန်းနိုင် ဖြစ်ပြီး ဝင်တိုက်ခဲ့ကြောင်း၊ ယင်းနောက် ဦးဇွဲနေဝင်း စီးနင်းလာသည့် ယာဉ်က ယာဉ်ရှေ့ရှိ စပရင်တာ အငှားယာဉ်ကို ထပ်မံတိုက်မိခဲ့ကြောင်း မရမ်းကုန်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

“ယာဉ်တိုက်မှု အရှိန်က သိပ်မပြင်းပေမယ့် ယာဉ်သုံးစီး ဆင့်တိုက်မှုမှာ အလယ်က ခံရတဲ့ ဝက်ဂွန်ကားပေါ်က ဇွဲနေဝင်းက လည်ပင်းထိခိုက်မှု ဒဏ်ရာရခဲ့တယ်။ ထိခိုက်ဒဏ်ရာ သိပ်မပြင်းလို့ ရန်ကုန်ဆေးရုံကြီးမှာ အပြင်လူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ယာဉ်သုံးစီး ဆင့်တိုက်မှုမှ ကင်တာဗင် အငှားယာဉ်မောင်း ဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ ခမရ (၅၃၇) တပ်တွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ်ရှိ ကိုချစ်ပိုင်လွင်ကို ယာဉ် (ပ) ၁၃၁/၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment