Friday, March 20, 2015

နှစ်ပေါင်း(၁၆၀၀)မျှ သက်တမ်းရှိသည့် ခရစ်ယာန် ဝတ်ပြု ဘုရားကျောင်းတစ်ခုကို အိုင်အက်စ်တို့ ဖောက်ခွဲဖျက်ဆီး



အီရတ်နိုင်ငံရှိ နှစ်ပေါင်း (၁၆၀၀)မျှ သက်တမ်းရှိသည့် ခရစ်ယာန် ဝတ်ပြု ဘုရားကျောင်း တစ်ခုကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ရက်စက်    ဆိုးသွမ်းမှုတွင် ကမ္ဘာကျော်သည့် အစွန်းရောက် စစ်သွေးကြွများသည် ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ ရှေးဟောင်း အမွေအနှစ်များကို စိတ်တိုင်းကျ ဖျက်ဆီးပစ်နေရာ မိုဆူးလ်မြို့အနီးရှိ (၄)ရာစုလက်ရာ မာဘန်ဟမ် ဝတ်ပြု ဘုရားကျောင်းသည် နောက်ဆုံးပစ်မှတ် ဖြစ်လာသည်။

အဆိုပါ ဘုရားကျောင်းကို အက်ဆိုင်ရီယန်ဘုရင် ဆန်ချာရက်ဘ်က ကမကထပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မာဘန်ဟမ် ဝတ်ပြု ဘုရားကျောင်းသည် အိုင်အက်စ် တပ်ဖွဲ့ ထိန်းချုပ်ထားရာ မိုဆူးလ်မြို့မှ မိုင်(၂၀)ခန့် အကွာရှိ ခရစ်ယာန် အများစု နေထိုင်ရာ ဘက်ခ်ဒီဒါ မြို့ကလေးတွင် တည်ရှိသည်။

ဒေသခံများက ဘုရားကျောင်းတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး ပြိုကျပျက်စီးသွားပုံကို Social Mediaများပေါ်တွင် လွှင့်တင်ခဲ့သည်။ တစ်ချိန်က ခန့်ညားထည်ဝါစွာ တည်ရှိခဲ့သည့် ဘာသာရေး အဆောက်အအုံကြီးသည် အိုင်အက်စ်တို့၏ ဖောက်ခွဲရေး ပစ္စည်းများကြောင့် ယခုအခါ အုတ်အပိုင်းအစ အပျက်အစီးပုံ အဖြစ်သာ ကျန်တော့သည်။

အဆိုပါ ဘုရားကျောင်း ဖျက်ဆီးခံရမှု သတင်းကို ဘက်ခ်ဒီဒါမြို့ သတင်းများကို ဖော်ပြသည့် ကာ့ဒ်သတင်းဂျာနယ် တစ်စောင်ကလည်း အတည်ပြု ရေးသားခဲ့သည်။ အိုင်အက်စ် တပ်ဖွဲ့များသည် မာဘန်ဟမ် ဝတ်ပြုဘုရားကျောင်းကို ပြီးခဲ့သည့်နှစ်၊ ဇူလိုင်လကတည်းက စီးနင်း သိမ်းပိုက်ထားလိုက်သည်။ ဘုရားကျောင်းမှ တရားဟောဆရာနှင့် အခြားဘာသာရေး ဝန်ထမ်းများသည် အနီးရှိ ခရစ်ယာန် ရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

_Ref: Dailymail

No comments:

Post a Comment