Friday, March 20, 2015

ပုဂ္ဂလိက လုပ်ငန်းများကို ကျပ်ငွေ ဘီလီယံ ၇၀ အထိ ဆောက်လုပ်ရေးဘဏ် ထုတ်ချေးပေးထား


လူနေအိမ်အပါအဝင် ကန်ထရိုက်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်မှု လုပ်ငန်းများအတွက် ဆောက်လုပ်ရေးချေးငွေ ကျပ် ဘီလီယံ ၇၀ အထိ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) က ပြောသည်။

ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းများ၊ အိမ်ရာများကို ငွေထုတ်ချေးရာတွင် ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း ရင်းနှီးပြီးသည့် အဆောက်အအုံများ ကိုသာ ငွေထုတ်ချေးပြီး မြေပိုင်ရှင်ကိုသာ ထုတ်ချေးနေခြင်းဟု ယင်းဘဏ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


“ဘဏ်က အစိုးရတန်ဖိုးနည်းအိမ်ရာတွေ၊ အိမ်ရာတွေ တည်ဆောက်မှုမှာ အခက်အခဲတွေ့နေရင် ကူညီတဲ့အနေနဲ့ ဆောက်လုပ်ရေးချေးငွေ ထုတ်ချေးပေးတာပါ။ တစ်နှစ်တာကာလအတွင်းမှာ ကျပ်ငွေ ဘီလီယံ ၇၀ အထိရှိနေပါပြီ” ဟု ၎င်းက ရှင်းပြသည်။

ငွေချေးလိုသည့် မြေပိုင်ရှင်သည် ယင်းတည်ဆောက်မှုတွင် ၂၀ ရာခိုင်နှုန်း ကိုယ်တိုင်ရင်းနှီးထားမှုနှင့် အဆိုပါမြေကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း၊ အိမ်ရာလုပ်ငန်းများဆိုပါက တည်ဆောက်မြေနေရာကို လုပ်ပိုင်ခွင့်ရရှိသည့် စာရွက်စာတမ်း အထောက်အထားများ တင်ပြရမည်ဖြစ်သည်။

ထိုကဲ့သို့ ထုတ်ချေးရာတွင် ယင်းအဆောက်အအုံ၏ ကုန်ကျစရိတ်နှင့် ပိုင်ဆိုင်မှုအပေါ် မူတည်ကာ ထုတ်ချေးပေး ခြင်းဖြစ်ပြီး ထုတ်ချေးငွေကာလကို အဆောက်အအုံပြီးစီးမှုပေါ် မူတည်ကာ ထုတ်ချေးပေးခြင်းဖြစ်သည်ဟု အဆိုပါဘဏ် တာဝန်ရှိသူက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်ချိန်တွင် ငွေကြေးအခက်အခဲ ဖြစ်နေသူများအတွက် ယင်းဘဏ်က တစ်နှစ် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေးသော်လည်း ပြန်ဆပ်ချိန် လေးနှစ်သာ ခွင့်ပြုပေးနိုင်သေးခြင်းဖြစ်သည်။

ချေးငွေသက်တမ်း ပိုမိုပေးနိုင်ရေးအတွက် ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုငွေကြေး ပိုမိုတိုးပွားရန် လိုအပ်ချက်များ ရှိနေသေး ကြောင်း၊ လက်ရှိ ဘဏ်သက်တမ်းမှာလည်း တစ်နှစ်ကျော်သာ ရှိနေသေးသည်ဟု ဘဏ်တာဝန်ရှိသူက ပြောသည်။

အဆိုပါဘဏ်ကို ၂၀၁၄ နှစ်ကုန်ပိုင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိငွေချေးယူသည် ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၂ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ထုတ်ချေးပေးပြီး အပ်ငွေထားရှိသူများအတွက် အတိုးနှုန်း ရှစ်ရာခိုင်နှုန်း သတ်မှတ် ထားသည်ဟု ယင်းဘဏ်က ပြောသည်။
mizzima

No comments:

Post a Comment