Sunday, March 22, 2015

ခါးနာဝေဒနာခံစားရသူဦးရေ ပိုမိုများပြားလာ၊ နာရီပိုင်းမျှ ကိုယ်နေဟန် ထားမှားယွင်းမှုကြောင့် လနှင့်ချီ ခါးနာနိုင်

ကမ္ဘာပေါ်မှာ လူတိုင်းနီးပါးခံစားရတဲ့ ဝေဒနာတစ်မျိုးရှိပါတယ်။ အသက်ကြီးကြီး၊ငယ်ငယ်၊ ပျိုပျိုအိုအို၊ ဆင်းရဲချမ်းသာ အယုတ်အမြတ်မရွေး ခံစားရတဲ့ ခါးနာဝေဒနာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ စစ်တမ်းအရ သူတို့ ဆီမှာ လူဦးရေ ၁ သန်းမှာ ၂သိန်းခွဲလောက်က ခါးနာဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။
ခါးနာတယ်ဆိုတာသိပေမယ့် ဘာကြောင့်နာတယ်ဆိုတာ သိသူရှားပါတယ်။ အင်္ဂလန်မှာဆိုရင်တော့ ခါးနာ ဝေဒနာကို ခံစားရတဲ့လူများစုက အမျိုးသမီးတွေဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ပိုများပါတယ်။ သာမန်ထက် အလေးချိန်ပိုလာတဲ့ ခါးနဲ့ ဝမ်းဗိုက်ပိုင်းကို ပင့်တင်ထားရတဲ့အတွက် ခါးနာ ခါးကိုက်ခြင်း ဖြစ်နိုင်သလို အရိုးအကြော မကောင်းလို့  ခါးနာတယ်လည်းဖြစ်နိုင်ပါတယ်။ လူအများစု မှာတော့ ခါးရိုးကိုဖြစ် စေ၊ ခါးကြောကိုဖြစ်စေ ဒဏ်မဖြစ် အောင် ဂရုမစိုက်တတ်ကြတဲ့အတွက် ခါးနာရောဂါ စွဲကပ် လာတာပဲ ဖြစ်ပါတယ်။

ခါးနာရင် လေ့ကျင့်ခန်းလုပ်ပါလားလို့  အပြောမစောလိုက်ပါနဲ့ ။ အမျိုးသမီးအများစုဟာ ခါးနာလို့ ဆိုပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်တာကိုလည်း လုံးဝရပ်နားပစ်လိုက်လေ့ ရှိပါသေးတယ်။ ဒီတော့ ခါးနာလို့  ကျန်းမာရေးလေ့ကျင့်ခန်းမလုပ်သလို ခါးနာလို့ ဆိုပြီး အိပ်ယာထဲမှာ ငြိမ်သက်စွာလဲလျောင်း တတ်ကြပါသေးတယ်။ တစ်ဖက်က ကျန်းမာရေးလေ့ကျင့်ခန်း မလုပ်ဖြစ်တော့သလို တစ်ဖက်ကလည်း အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးဇိမ်နဲ့  နေလိုက်ကြတဲ့အတွက် ကျန်းမာရေးကိုပိုပြီး ထိခိုက်စေလာတဲ့အပြင် အိပ်ယာထဲမှာ အနေကြာလာပြန်ရင်လည်း အိပ်ယာကြောင့်ကို ခါးကထပ်ပြီး နာနိုင်ပါသေးတယ်။

လေ့ကျင့်ခန်းလုပ်လို့  ခါးပိုနာတာလား လို့ မေးလာမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်လို့  ခါးနာတယ်ဆိုတာ ထက် လေ့ကျင့်ခန်းလုပ်တဲ့ပုံစံ မှားယွင်းနေလို့  ခါးနာတာလို့  ပြန်ဖြေရမှာ ဖြစ်ပါတယ်။ ဒီတော့ ခါးနာလို့  လေ့ကျင့်ခန်း မလုပ်ရဲတော့သူတွေအတွက် Relaxation Exercise လို့ ခေါ်တဲ့ ကြွက်သားနဲ့ အကြောတွေ ဖြေလျော့ပေးတဲ့ လေ့ကျင့်ခန်းက အလွန်သင့်တော်ပါတယ်။

Relaxation Exercise တွေကို မလုပ်ခင်မှာ သေသေချာချာသဘောပေါက်ရမှာက ခန္ဓာကိုယ်ရဲ့  အလိုအလျောက် ပြန်လည်ကုသစနစ်ဟာ အလွန်ကောင်းမွန်ပါတယ်။ ကြွက်သားတွေမခံမရပ်နိုင်အောင် နာကျင် ဖူးခဲ့ပြီး အဲဒီနာကျင်မှု တွေ အလိုအလျောက် ပျောက်ကင်းသက်သာသွားတာ အားလုံး ကြုံဖူး ကြမှာပါ။

ဒါပေမယ့် ခါးနာဝေဒနာကိုကျတော့ ခန္ဓာကိုယ်ဟာ အလိုအလျောက်ပျောက်ကင်းသက်သာအောင် အလွယ်တကူမလုပ်နိုင်တာကို တွေ့ ရပါတယ်။ ခါးနာပြီဆိုတာနဲ့  ကျွန်တော်တို့ အားလုံးလိုလိုဟာ ခါးကို ငြိမ်ငြိမ်လေးထားလိုက်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ခါး တစ်ဝိုက်က ကြွက်သားတွေက လှုပ်ရှားမှုနဲသွားပြီး တင်းတောင့်သွားပါတယ်။ ကြာလာတော့ လမ်းလျှောက်ရင်ကိုပဲ ခါးကိုမလှုပ်ပဲလျှောက်တော့ ခါးချိနေသလိုဖြစ်နေတာကို ယောက်ျားလေးရော မိန်းကလေးတွေမှာပါ တွေ့ နေရပါ တယ်။

နောက်ပြီး ခါးနာလို့  အိပ်ယာပေါ်မှာအနားယူလိုက်တာ (Bed Rest) ဆိုတာကလည်း ၂-ရက်ထက် ပိုသွား ရင် ခါး ကြွက်သားတွေကို အားပျော့စေပြီး ခါးရိုးကိုတောင် ပင့်မထားနိုင်တော့တဲ့အတွက် ခါးရိုးက အလုပ်ပိုလုပ်ရပြီး နာကျင်မှုကိုလည်း ပိုလာစေပါတယ်။

ခါးနာရတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ အ၀လွန်လာခြင်းပဲ ဖြစ်ပါတယ်။ ခါးနာဝေဒနာ အစ ကတည်းက ရှိတယ်ဆိုရင် တစ်စတုံလောက် ကိုယ်အလေးချိန်တိုးလာတယ်ဆိုရင်တောင် ခါးနာကျင်မှုကို ပိုစေပါတယ်။ ခါး မနာ သေးဘူးဆိုရင်လည်း ကိုယ်အလေးချိန်တိုးလာလို့  ၀မ်းဗိုက်ကို ပင့်မရပြီဆိုရင် သေချာပါတယ်။ ခါးက နာတော့မှာပါ။

၂၀၁၁ ခုနှစ်တုန်းက တစ်နိုင်ငံလုံးနီးပါး ကိုယ်အလေးချိန်တိုးလာကြပြီး ခါးနာတဲ့လူဦးရေပိုလာတာကြောင့် အင်္ဂလန် အစိုးရဟာ နိုင်ငံထဲကိုတင်သွင်းနေတဲ့ တရုတ်ခေါက်ဆွဲထုပ်တွေကို တားမြစ်လိုက်သလို အမြန်ရအစားအစာဆိုင် တွေကိုလည်း နည်းအမျိုးမျိုးနဲ့  ကန့် သတ်ခဲ့ပါတယ်။ နောက်ထပ် ၂-နှစ်အတွင်းမှာ လူတွေရဲ့ ကိုယ်အလေးချိန် ဟာလည်း သိသိသာသာ ကျသွားခဲ့ပါတယ်။

ဒီနေရာမှာ ‘တစ်မျိုးသားလုံးကျန်းမာရေး’ ဆိုတဲ့ဆောင်ပုဒ်ဟာ သိပ်ကိုပညာသားပါပါတယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက်ဖျားနာပြီဆိုတာနဲ့  အဲဒီတစ်မိသားစုလုံးဟာ အလုပ်ကိုဖြောင့်ဖြောင့်မလုပ်ရတော့သလို ငွေကုန် ကြေးကျလည်း များလာပါတယ်။ အဲဒီဖျားနာမှုဟာ နာတာရှည်ဖြစ်မယ်ဆိုရင် မိသားစုဖွံ့ ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလိုပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ လူထုကျန်းမာရေး မကောင်းဘူး ဆိုရင် အဲဒီနိုင်ငံရဲ့  ဖွံ့ ဖြိုး တိုးတက်မှုကိုလည်း များစွာနှောင့်နှေးကြန့် ကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်အစိုးရဟာ လူတွေ အ၀လွန်မလာအောင် ဘယ်လိုစားသောက်ကုန်တွေကို တင်သွင်း နေသလဲဆိုတာ စိစစ်ပြီး ကန့် သတ်သင့်တာ တွေကို ကန့် သတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ ခါးနာဝေဒနာသက်သာအောင် နေ့ စဉ်ဆောင်ရန်ရှောင်ရန်တွေကို အင်္ဂလန်သုတေသီတွေက ပြော ပြ ထားတဲ့ အတိုင်း ဖော်ပြသွားပါမယ်။

ပထမဆုံးအချက်ကတော့ ကိုယ်အလေးချိန်ကို အတတ်နိုင်ဆုံး လျော့ချထိန်းသိမ်းထားပါ။ အားကစား၊ အစားအစာ၊ အအိပ်အနေ အားလုံးကိုဆင်ခြင်ပါ။

ဒုတိယအချက်ကတော့ ဘယ်တော့မှ ခါးအနေ အထား ပျက်အောင် ထိုင်တာ၊ရပ်တာမျိုး မလုပ်ပါနဲ့ ။ သင်တစ်နာရီလောက် စားပွဲနဲ့ ရင်ဘတ်ကပ်ပြီးထိုင်လိုက်တာ ဟာ ခါးကို လပေါင်းများစွာ ဒဏ်ဖြစ်စေ ပါတယ်။ သင်ခါးနာတာ ထိုင်ခုံပုံစံကြောင့်မဟုတ်ပါဘူး။ သင်ထိုင်တဲ့ပုံစံ ကြောင့်ပါ။ ဘယ်လိုထိုင်ခုံနဲ့ ပဲဖြစ်ဖြစ် သင်ထိုင်တဲ့ပုံစံ မှားနေမယ်ဆိုရင် ခါးက နာနေအုံးမှာပါပဲ။ သင့်အိပ်ယာနဲ့  ခေါင်းအုံးဟာ ကျောရိုးကို ပုံမှန်အနေအထားဖြစ်စေရပါမယ်။ မဖြစ်လို့ ကတော့ တစ်ညလုံး ခါးအနေအထားမှန် အောင် ပြန်တည့်ပေးနေရတာနဲ့ ပဲ အိပ်ရေးလည်းပျက်ပါမယ်၊ ခါးလည်းနာပါမယ်။

နောက်ဆုံးအနေနဲ့  သင်စီးတဲ့ ဖိနပ်ဟာ အောက်ခံမာလွန်းတယ်ဆိုရင် သင့်ခြေဖနောင့်နဲ့ ဖိနပ်ကြား ဖော့ပြားလေးခံပေးပါ။ ခါးကိုသွားဆောင့်မယ့် တုန်ခါနှူန်းကို အဲဒီဖော့ကလေးက စုပ်ယူပေလိုက်ပါ လိမ့်မယ်လို့  လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Lashio News Diary 

No comments:

Post a Comment