Wednesday, March 18, 2015

ရခိုင်ကမ်းရိုးတန်း ပြေးဆွဲသည့် အစိုးရပိုင် သင်္ဘောခရီးစဉ်များ ခေတ္တရပ်နား

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ပြီးနောက် ရခိုင်ကမ်းရိုးတန်း ပြေးဆွဲလျက်ရှိသော အစိုးရပိုင် သင်္ဘောခရီးစဉ်များ ရပ်နားလိုက်ပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
အောင်တံခွန် သင်္ဘောအုပ်စုမှ အောင်တံခွန် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ရေယာဉ် စုစုပေါင်း ခြောက်စီးကို ပြုပြင်မွမ်းမံပြီးမှသာ ပြန်လည်ပြေးဆွဲမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ဦးလှသိန်းက ဆိုသည်။
"ပို့ဆောင်ရေး ဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်တာပါ" ဟု ၎င်းက ဆိုသည်။
အောင်တံခွန် သင်္ဘောတိမ်းမှောက်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားပြီး မတ် ၁၈ ရက်တွင် ယင်းအဖွဲ့မှ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
အောင်တံခွန် သင်္ဘောများသည် ၁၉၉၆၊ ၁၉၉၇ ခုနှစ်က တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ် နီးပါး သက်တမ်းကြာမြင့်ပြီဖြစ်သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၁၃ ရက်က အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုတွင် ခရီးသည် ၂၁၆ ယောက်လိုက်ပါလာသည်ဟု အစိုးရစာရင်းများက ဆိုသည်။ လူပေါင်း ၁၆၀ ကို ကယ်ဆယ်ရရှိပြီး၊ ရုပ်အလောင်း ၆၀ ကျော်ကို မတ် ၁၆ ရက်အထိ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ပျောက်ဆုံးသူများကို ထပ်မံရှာဖွေရန် ကျောက်ဖြူရှိ လူငယ် ၈၀ ကျော်က ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ တွေ့ရှိသည့် ရုပ်အလောင်း နှစ်ဆယ်ကျော်ကို မတ် ၁၆ ရက်က ကျောက်ဖြူတွင် သင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်။
Mizzima - News in Burmese

No comments:

Post a Comment