Tuesday, April 7, 2015

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ပြင်ဆင်လျှောက်ထားချက် တရားလွှတ်တော်ချုပ်က လက်ခံ

ယုံကြည်မှု အလွဲသုံးစားလုပ်မှု အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုအတွက် ပြင်ဆင်မှု လျှောက်ထားချက်ကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ယနေ့ နံနက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး The Voice သို့လည်း ထပ်မံအတည်ပြု ပြောဆိုသည်။

မည်ကဲ့သို့ ပြင်ဆင်ချက်လျှောက်ထားခဲ့ပြီး အဆိုပါအမှုကို မည်သည့်အချိန်တွင် ပြန်လည်စစ်ဆေးမည် စသည့် အဆိုပါအမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ၎င်းက ထပ်မံပြောဆိုခြင်း မပြုပေ။
သို့သော် ပြင်ဆင်မှု လျှောက်ထားခြင်းနှင့် ပတ်သက်၍ “အောက်ရုံးက ချမှတ်ထားတဲ့ အမိန့်သည် ဥပဒေနဲ့မညီဘူး ပြင်ဆင်ပေးပါ၊ ပယ်ဖျက်ပေးပါ၊ ဒီလို ကျွန်တော်တို့ သုံးတယ်၊ အဲဒီရောက်သွားတဲ့အခါ ပယ်ဖျက်လို့ ရတယ်၊ ပြင်တယ်ဆိုတာကလည်း ဒီဟာကြီးက ၁၃ နှစ် များပါတယ် ၃ နှစ်ပဲ ကျခံစေ၊ အဲဒါလည်း ပြင်တာပဲ” ဟု ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက The Voice သို့ ပြောဆိုထားခဲ့သည်။
ယခင် တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယုံကြည်မှု အလွဲသုံးစားလုပ်မှု ပုဒ်မ ၄၀၉ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်ထားခြင်း ဖြစ်ကာ လက်ရှိတွင် တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ချမှတ်ထားသည့် ပြစ်ဒဏ်များအတွက် လျှော့ပေါ့ပေးရန် မည်သည့်အခါတွင်မှ အသနားခံမည် မဟုတ်ဘဲ ဥပဒေလမ်းကြောင်းအရသာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးတင်ထွန်းက ထိုစဉ်က ပြောဆိုခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အယူခံတင်သွင်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
The Voice Weekly

No comments:

Post a Comment