Tuesday, April 7, 2015

လွှတ်တော်အမတ်များ နေထိုင်ရေးကိစ္စ စီစဉ်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုတင်မည်

လွှတ်တော်အမတ်များ နေထိုင်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စ စီစဉ်ပေးရန်ကို လွှတ်တော်တွင် အရေးကြီးအဆိုတင်မည် ဖြစ်ကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

လက်ရှိ အစိုးရသက်တမ်းတွင် အတိုက်အခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်အချို့ အပါအဝင် တိုင်းရင်းသားပါတီများနှင့် အင်အားနည်း ပါတီဝင် ကိုယ်စားလှယ်များသည် နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ရသောကြောင့် လာမည့် အစိုးရသက်တမ်းတွင် ကိုယ်စားလှယ် ဖြစ်လာမည့်သူများအတွက် အဆောက်အအုံ တစ်ခုခု တည်ဆောက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။
“ကိုယ်စားလှယ်တွေ လစာတိုးတော့မယ် ဆိုတော့ တည်းခိုစရိတ် တက်ဖို့ ဖြစ်လာတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌ (သူရဦးရွှေမန်း) က လုပ်ပေးခဲ့ချင်တယ်လို့ ဆိုတယ်” ဟု ၎င်းကဆိုသည်။
လာမည့် ဧပြီလကုန်တွင် ကိုယ်စားလှယ်များ လစာကျပ်သုံးသိန်းမှ ဆယ်သိန်းအထိ ဖြစ်လာမည် ဖြစ်၍ စည်ပင်ရိပ်သာ အဆောင်ခများ တိုးတောင်းတော့မည် ဖြစ်သည့်အပြင် နောက်အစိုးရ သက်တမ်းတွင် အမတ်ဖြစ်လာမည့်သူများအတွက် အဆောက်အအုံများ ဆောက်လုပ်ရန် လိုနေသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောကြားသည်။
“အစည်းအဝေးမတက်ဘဲ ခရီးသွားရရင် လွှတ်တော်က နေ့တွက်စရိတ် ဖြတ်တယ်။ ဒါပေမဲ့ နေထိုင်စရိတ်ကို စည်ပင်ကို ပေးရတယ်။ အဲဒါကြောင့် ဆောက်ဖို့သင့်တယ်လို့ ဆွေးနွေးကြတယ်” ဟု ဒေါ်ခင်စောဝေက ထပ်လောင်းပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ ငွေစာရင်းတောင်းခံမှု ဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အစိုးရအဖွဲ့က ပယ်ချခဲ့သည်။

No comments:

Post a Comment