Wednesday, April 29, 2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ

၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ ဖြင့် ရှေးဦးစွာအမှုဖွင့်အရေးယူခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၁၀ တွင် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက "လ၀ကအက်နဲ့ ထောင်ခြောက်လအသီးသီးချတယ်။ မူးယစ်တော့အားလုံးမပါဘူး၊၊ စစ်ဆေးတုန်းပါ။ ပြစ်ဒဏ်အနည်းဆုံး ၁၀ နှစ်ချနိုင်တဲ့ အပက ၃ ပုဒ်မ ကတော့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးက ဧပြီ ၁၀ ရက်ကမှ ဆက်ရှင်ပေးတယ်။ လူများလွန်းတော့ ၁၅၅ ဦးကို နှစ်သုတ်ခွဲပြီး နေ့စဉ်လိုစစ်ဆေးနေပါတယ်။ အမြန်ပြီးလိုတဲ့ သဘောရှိတယ်။
အမြန်ပြီးတော့ နိုင်ငံတကာနားလည်မှု သဘောတူစာချုပ်တွေအရ အကျဉ်းသားတွေလွှဲပြောင်းနိုင်တဲ့အချက်တွေပါနေတယ်လေ။ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး" ဟုဆိုသည်။
ယင်းသစ်ခိုးထုတ်ရာတွင်ပါဝင်သူများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတွင် တပ်မတော်စစ်ကြောင်း လေကြောင်းကင်းထောက်မှုအရဖမ်းဆီးခဲ့ပြီး သစ်ခိုးထုတ်မှုနှင့်ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၁၄၉ ဦးကို မြစ်ကြီးနားအကျဉ်းထောင်နှင့် ၀ိုင်းမော်အချုပ်များတွင် ထားရှိခဲ့ကြောင်း သိရသည်။ ယင်းတို့ကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ၀ါရှောင်၊ မံဝိန်း၊ ဆီနီခူး၊ မန်ဒေါင်၊ လောခွန်ယံ၊ ဆဒုံးဒေသနေရာအနှံ့မှ ဖမ်းမိခြင်းဖြစ်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ ကေအိုင်အေအဖွဲ့မှ စီးပွားရေးတာဝန်ခံဗိုလ်မှူးချုပ်အဆင့်ရှိသူက လက်မှတ်ရေးထိုးခွင့်ပြုထားသော သစ်ထုတ်လုပ်ခွင့်ပြုထားသည့်စာကိုပါ သိမ်းဆည်းရမိပြီး သစ်ထုတ်ရာတွင်အသုံးပြုသော မြေတူးစက်တစ်စီး ၊ ပါဂျဲရိုးလေးစီး၊ ပီကင်းဂျစ်လေးစီး ၊ ၀န်ဆွဲယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး ၊ ကရိန်းနှစ်စီး၊ စုစုပေါင်းယာဉ် ၄၅၅ စီး ၊ ဆိုင်ကယ်ကိုးစီး၊ လွှစက်နှစ်ခု ၊ ဆိုလာတစ်ပြား၊ ဘက်ထရီတစ်ခု ၊ ဖုန်းကြိုးတိုင်တစ်ခု ၊ တစ်ဖက်နိုင်ငံသား ၁၂၂ ဦး ၊ စိတ်ကြွဆေးပြား ၆၈၀ ၊ ဘိန်းမည်းခြောက်ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀၀ ကိုလည်း တပ်မတော်ခြေလျင်တပ်ရင်းမှ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသစ်ခိုးမှုဖြင့် ဖမ်းဆီးထားသူများကို တရုတ်ကောင်စစ်ဝန်ဒုအတွင်းရေးမှူး Mr. Baim Zxon က မြစ်ကြီးနားအကျဉ်းထောင်တွင် ဇန်န၀ါရီ ၂၀ ရက်တွင် လာရောက်တွေ့ဆုံခဲ့ပြီး အကျဉ်းကျနေသူများ၏ နေရပ်များ၊ အလုပ်အကိုင်များ၊ အသက်အမျိုးအနွယ် စသည်တို့ကို စာရင်းကောက်ယူပြီး အ၀တ်အစား၊ လူသုံးပစ္စည်းများနှင့် စားသောက်ပန်းကန်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားအကျဉ်းထောင်တွင် သစ်ခိုးမှုဖြင့်ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများပြန်လွတ်ရေး ယင်းတို့၏ဆွေမျိုးများက ကူရုံးမြို့အကောက်ခွန်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှုတစ်ခု မတ် ၂၃ ရက်ကဖြစ်ပွားခဲ့သည်။
Eleven Media Group
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများအား အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ရစဉ်

No comments:

Post a Comment