Wednesday, April 22, 2015

လက်နက်ကိုင် ၅ ဦးကို လက်နက်ခဲယမ်းများဖြင့် ရခိုင်ပြည်နယ်တွင် ဖမ်းမိ

ဓာတ်ပုံ - MOI

ရခိုင်ပြည်နယ် ပလက်ဝဒေသမှာ အစိုးရတပ်မတော်စစ်ကြောင်းနဲ့ ရခိုင်တပ်မတော် (အေအေ)တပ်ဖွဲ့တွေအကြား တိုက်ပွဲ တွေဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

ဧပြီလ ၁၇ ရက်နေ့ က အောင်လံချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေတဲ့ လက်နက်ကိုင်တွေ ခိုအောင်းနေကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ ဧပြီလ ၁၉ ရက်က စပါးဆိပ်ရွာစပ်မှာ လက်နက်ကိုင် ၂ ဦးနဲ့ ညောင်ပင်လှရွာအပြင်မှာ ၃ ဦး ဖမ်းဆီးမိတာလို့ ဆိုပါတယ်။
ရခိုင်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ကတော့ အစိုးရက ဖမ်းထားတဲ့ လက်နက်ကိုင်တွေဟာ ရခိုင်တပ်မတော်က အဖွဲ့ဝင်တွေ ဟုတ်မဟုတ် အတည်မပြုနိုင်သေးပဲ စိစစ်နေဆဲလို့ ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ ၂၁ ရက်နေ့အထိတော့ အဆက်အသွယ်ရှိတယ် အကုန်လုံး၊ ၂၁ ရက် ၁၀ နာရီ နောက်ပိုင်းတော့ အဆက်အသွယ်မရသေးဘူး။ ဒီတဖက်မှာလည်း အဲဒီဟာတွေကိုပြန်ပြီးတော့ စစ်နေတယ်၊ ယူနီဖောင်းတွေကျတော့ ကျနော်တို့ ပုံမှန်သုံးနေတာတော့ မဟုတ်ဘူး။ တချို့စစ်ကြောင်းတွေကျတော့ အခုက လှုပ်ရှားတာများနေတော့၊ ဘယ်စစ်ကြောင်းတွေက ဘယ်လိုမျိုး ယူနီဖောင်းဝတ်တယ်ဆိုတာ ပြန်ပြီး စစ်နေတယ်ခင်ဗျ၊။ ကျနော်တို့ အတည်ပြုလို့ မရသေးဘူး။ အတည်ပြုလို့ရရင်တော့ ကျနော်တို့ သတင်း ထုတ်ပြန်သွားမယ်။ တချို့ကျတော့ ရွာသားတွေက ကူညီတာတော့ရှိတယ်၊ ရွာကလူငယ်တွေ၊ တိုက်ပွဲဖြစ်တာတော့ ရွာအနီးအနားက ရဲဘော်တွေဝင်လာတာရှိတယ်။ တချို့ဟာတွေလက်လှမ်းမမှီတာရှိတယ်။”
အစိုးရကတော့ ဖမ်းမိသူတွေ ၀ှက်ထားတဲ့ အမ် ၂၂ သေနတ် ၅ လက်၊ လက်ပစ်ဗုံးတွေနဲ့ ကျည်ဆန်တွေအပါအ၀င် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သတင်း ထုတ်ပြန်ထား ပါတယ်။
DVB

No comments:

Post a Comment