Thursday, April 9, 2015

အငြင်းပွားနေသည့် စံမမီတံတားနှစ်စင် မွေး/ရေ ဝန်ကြီးဌာန မဆောက်ဟု ငြင်းချက်ထုတ်


ပလက်ဝမြို့နယ်နှင့် ကလေးဝမြို့နယ်များတွင် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော တံတားနှစ်စင်းပြီးစီးမှုမရှိဟု အမျိုးသားလွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဧပြီလ ၈ ရက်က ဆွေးနွေးမှုများသည် မှားယွင်းနေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။

"အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘတ်ဂျက်အစည်းအဝေးတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ပလက်ဝမြို့နယ်မှ တံတား တစ်စင်းနှင့် ကလေးဝမြို့နယ်မှ တံတားတစ်စင်းတို့အား အမှန်တကယ် ပြီးစီးမှုမရှိကြောင်း ဓာတ်ပုံမှတ်တမ်းများကို Projector ဖြင့် မှားယွင်းစွာ ဆွေးနွေးခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
 အဆိုပါ လုပ်ငန်းများမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဧပြီလ ၈ ရက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမှုတွင် အဆိုပါ တံတားများအနက် ပလက်ဝမြို့နယ်ရှိတံတားသည် ရာနှုန်းပြည့် ပြီးစီးသည်ဟု အစီရင်ခံစာတွင် ဆိုထားသော်လည်း အမှန်တကယ်တွင်မူ မပြီးသေးဟု ပလက်ဝမြို့နယ် လွှတ်တော်အမတ် ဆလိုင်းခွဲယန်က ဆွေးနွေးခဲ့သည်။
အလားတူ ကလေးဝမြို့နယ်အတွင်း ဆောက်လုပ်နေသည့် တံတားတစ်စင်းသည်လည်းကမ်းနှင့် ပေ ၄၀ ကွာနေသည်ဟု လွှတ်တော်အမတ် ဦးသိန်းလှိုင်က ဆွေးနွေးခဲ့သည်။
ထို့လုပ်ငန်းများသည် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက လုပ်ဆောင်နေသော လုပ်ငန်းများဟု ယူဆလျက် လွှတ်တော်အမတ် ဦးလှဆွေက "ကိုယ်စားလှယ်နှစ်ယောက်ဆွေးနွေး ချက်တွေကြောင့်မွေးမြူရေးနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (ပါးရိုက်မယ်ဆိုလို့ နာမည်ကြီးတဲ့ ဝန်ကြီးဌာန )တော့ ကိုယ်တိုင် ပါးရိုက်ခံရတော့ မယ်ထင်တယ်" ဟု သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
သို့သော် ဧပြီလ ၉ ရက်တွင်မူ အဆိုပါ လုပ်ငန်းများကိုလုပ်ဆောင်နေသည့် ဝန်ကြီးဌာနမှာ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနဟု ထင်မှတ်မှားခဲ့ကြောင်း ထပ်မံရေးသားထားသည်။ "ခုတော့ နယ်စပ်ရေးရာက ဆိုတာသိသွားပါပြီ၊ ဒီလို သုံးသပ်ချက် မှားယွင်းပြောဆိုမိတဲ့အတွက် မိမိအပြစ်ကို ဝန်ခံပါတယ် ခင်ဗျား" ဟု ဦးလှဆွေက ဆိုသည်။
Mizzima 

No comments:

Post a Comment