Thursday, April 9, 2015

ပုဂံဘုရားများရှိ အလှူခံပုံးများ အဖောက်ခံရ၍ လုံခြုံရေးဝန်ထမ်းများကို စသုံးလုံး သင်တန်းပေးရန်စီစဉ်

ဆယ်ရက်အတွင်း ပုဂံရှိ ဘုရားနှစ်ဆူမှအလှူခံပုံးများ အဖောက်ခံရမှုကြောင့် ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့က ဘုရားလုံခြုံရေး ဝန်ထမ်းများကို သင်တန်းများပေးရန် စီစဉ်နေ ကြောင်း သိရသည်။  မတ်လ တစ်လတည်းတွင် ပုဂံရှိဘုရားနှစ်ဆူမှ အလှူခံပုံးများ အဖောက်ခံခဲ့ရခြင်းဖြစ်၍ တန်ခိုး ကြီးဘုရား ၁၄ ဆူတွင် လုံခြုံရေးအင်အား တိုးမြှင့်ထားသည့်အပြင် အဆိုပါဖောက်ထွင်းခံရမှုများကို အထူးအမှုစစ် အဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း  ညောင်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ငြိမ်းကပြောသည်။

”လုံခြုံရေးတွေတိုးခန့်ဖို့ ညွှန် ကြားချက်လည်းထုတ်ပြီးပါပြီ။ သူတို့ (ဂေါပကအဖွဲ့) ဆီက လုံခြုံရေးစာရင်းရတာနဲ့ သင်တန်း ပေးတော့မှာပါ”ဟု ၎င်းကပြောသည်။  ဘုရားများ၌ လုံခြုံရေးအရ မူလကတည်းက စီစီတီဗီ ကင်မရာတပ်ထားပြီး ကြပ်မတ်သော်လည်း ယခုကဲ့သို့ အဖောက်ခံရခြင်းကြောင့် ယခင်ထက် ပိုမိုဂရု စိုက်စောင့်ကြည့် နေကြောင်း အာနန္ဒာ ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးစန်းဝင်းက ပြောသည်။  ”ထီးလိုမင်းလိုဘုရား ဖြစ်ကတည်းက အုပ်ချုပ်ရေး အဖွဲ့တွေက ခေါ်ပြီး လုံခြုံရေးကို သတိပေးတယ်၊ မထင်မှတ်တဲ့ အတိုင်းအတာတစ်ခုမှ ဖြစ်သွားတာ”ဟု ၎င်းကပြောသည်။ ပုဂံထီးလိုမင်းလို ဘုရားရှိ အလှူခံပုံး ခြောက်ပုံးမှ အလှူငွေများသည် မတ်လ ၁၇ ရက်ကခိုးယူခံခဲ့ရပြီး မတ်လ ၂၆ ရက်တွင် အာနန္ဒာဘုရားရှိ အလှူခံပုံးများ ဖောက်ထွင်းခံခဲ့ရသည်။ ၂ဝဝ၃ -၂ဝဝ၄ ခုနှစ် ဝန်းကျင်ကလည်း အာနန္ဒာဘုရားရှိ စိန်ဖူးတော်ခိုးယူခံခဲ့ရဖူးပြီး အဆိုပါအမှုကို ၂ဝဝ၉ ခုနှစ်တွင်မှ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
Popular

No comments:

Post a Comment