Tuesday, October 13, 2015

ဒေါ်လာဈေးနှုန်း ကျဆင်းလာ၍ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်မြင့်တက်


ကမ္ဘာ့ရွှေဈေးမြင့်တက် လာချိန်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာသဖြင့် ပြည် တွင်း၌ ကျပ်ငွေတန်ဖိုးအနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ဒေါ် လာ ၁,၁၅၀ ခန့်ရှိလာပြီး ယခင် တစ်ပတ်ထက် ၄ ရာခိုင်နှုန်းမြင့် တက်လာသည်။ ကမ္ဘာ့ဈေးကွက် တွင် ရွှေနှင့်ဒေါ်လာဈေးသည် ပြောင်းပြန်ဖြစ်နေ၍ အမေရိကန် ဒေါ်လာတန်ဖိုးမှာ စတင် ကျ ဆင်းလာပြီး မြန်မာနိုင်ငံတွင် လည်း ဒေါ်လာငွေလဲနှုန်း ပြန် လည်ကျဆင်းလာကြောင်း စီးပွား ရေးသမားအချို့က ရှင်းပြသည်။
ပြည်တွင်း၌ ငွေလဲနှုန်းကျ ဆင်းမှုသည် စက်တင်ဘာ ၁၂ ရက်တွင် ပြင်ပဈေးတစ်ဒေါ်လာ လျှင် ၁,၂၈၅ ကျပ်ခန့်သာ ဈေးရှိ နေသည်။ စက်တင်ဘာ ၈ ရက် တွင် ပြင်ပဈေးကွက်၌ ငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်ခန့် ရှိခဲ့သည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲနှုန်းကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၆ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ယခင်တစ်ပတ်လျှင် ၁,၂၈၇ ကျပ်နှင့်အထက်သာ ရှိခဲ့သည်။

‘‘မြန်မာငွေက ပွင့်လင်းရာ သီမှာ ပိုမာလာနိုင်တယ်။ အခု ဟာက နိုင်ငံတော်တော်များများ ကြုံနေရတာဆိုတော့ အမေရိကန် ကလည်း သူ့နိုင်ငံငွေကြေး မူဝါဒ ကို ပြင်နေတယ်’’ ဟု ကမ္ဘောဇ ဘဏ် အကြီးတန်း အကြံပေး ဦး သန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ငွေလဲနှုန်း အပြောင်းအလဲများမှုသည် စီးပွား ရေးလုပ်ငန်းလုပ်ကိုင်သူများကို အခက်အခဲများဖြစ်စေသဖြင့် ငွေလဲနှုန်း တည်ငြိမ်မှုကိုသာ လိုအပ် ကြောင်း ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသော လုပ်ငန်းရှင် ဦး မျိုးသူရအေးက ပြောသည်။

မြန်မာနိုင်ငံတွင် မိုးတွင်းကာ လ ရပ်နားထားသော သတ္တုတူး ဖော်ရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လာနိုင်ခြင်း၊ စပါးကဲ့သို့ သီးနှံများ ထွက်ပေါ်လာချိန်ဖြစ် ခြင်းတို့ကြောင့် မြန်မာ ကျပ်ငွေ များဈေးကွက်ထဲသို့ ပြန်လည်ဝင် ရောက်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ် ငန်းရှင်များသည် မိုးရာသီတွင် လုပ်ငန်းအများစုရပ်ထားရသဖြင့် ဒေါ်လာ၊ ရွှေ စသည်တို့ကို ဝယ် ယူပြီး ဈေးကစားမှုများ ပုံမှန်ပြု လုပ်လေ့ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
7 day

No comments:

Post a Comment