Friday, November 20, 2015

အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်သမားများ ပစ်မှတ်ထားနေဟု သတင်းများထွက်ပေါ်

အာဆီယံအစည်းအဝေး မတိုင်မီ ကွာလာလမ်ပူတွင် လုံခြုံရေး စောင့်ကြပ်နေသည့် ရဲနှင့်စစ်သားများ။
မလေးရှားတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မလေးရှား ရဲတပ်ဖွဲ့ထံမှ ပေါက်ကြားလာသည့် အစီရင်ခံစာ တစ်စောင်အရ ကွာလာလမ်ပူမြို့တော်တွင် အသေခံဗုံးခွဲသမား ၁၀ ယောက်မျှ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း သိရသည်။ အဆိုပါ ဗုံးသမားများသည် အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ) ၏ ယခုသီတင်းပတ်ကုန် ညီလာခံကို ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ပါရှိသည်။

မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက အဆိုပါအစီရင်ခံစာသည် စစ်မှန်ကြောင်း အတည်ပြုခဲ့သော်လည်း ထောက်လှမ်းရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“တချို့သတင်းတွေက မလေးရှားဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှု အန္တရာယ်မျိုး အကြီးအကျယ် ခြိမ်းခြောက်ခံနေရတယ်လို့ ဖော်ပြနေကြတယ်။ ကျွန်တော်ပြောချင်တာကတော့ လက်ရှိသတင်းအချက်အလက်တွေကို အတည်မပြုနိုင်သေးဘူး ဆိုတာပါပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ အမေရိကန်သမ္မတဘာရတ်အိုဘားမား၊ တရုတ်ဝန်ကြီးချုပ်လီကီကျန်းတို့ အပါအဝင် အာဆီယံ ပြင်ပနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ မလေးရှားအစိုးရသည် ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် ကွာလာလမ်ပူနှင့် အနီးတဝိုက်တွင် စစ်သည် ၂၀၀၀ ကျော်ကိုပါ အားဖြည့် ဖြန့်ကျက်ထားသည်။

ပြင်သစ်၊ အီဂျစ်၊ လက်ဘနွန်နှင့် ဖိလစ်ပိုင်တို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံခေါင်းဆောင် ၁၈ ဦး တက်ရောက်မည့် အစည်းအဝေးကာလ နှစ်ရက်တာအတွင်း လုံခြုံရေးအဆင့်ကို မြှင့်တင်ထားကြောင်း ခါလစ်ဒ်က ဆိုသည်။

“တော်ဝင် မလေးရှားရဲတပ်ဖွဲ့ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ တခြားဆက်နွှယ်တဲ့ အစည်းအဝေးတွေအတွက် လုံခြုံရေးအဆင့်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကနေ ထောင့်စေ့အောင် စဉ်းစားထားပါတယ်။ မလေးရှား နိုင်ငံရဲ့ အဝင်အထွက် နေရာအားလုံးမှာ လုံခြုံရေး ကြပ်မတ်စစ်ဆေးမှု လုပ်ငန်းစဉ်တွေ စတင်နေပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

မလေးရှား ပြည်တွင်း သတင်းဌာန Malaysiakiniက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် ဖိလစ်ပိုင်အခြေစိုက် ခွဲထွက်ရေး သူပုန်အဖွဲ့များဖြစ်သည့် အဘူဆေယက်ဖ်၊ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ လျှို့ဝှက်အစီရင်ခံစာကို ကိုးကားရေးသားထားသည့် သတင်းအရ ဖိလစ်ပိုင်တောင်ပိုင်းတွင် အကြမ်းဖက်အဖွဲ့သုံးခု တွေ့ဆုံပြီးနောက် အိုင်အက်စ်နှင့် အဘူဆေယက်ဖ်တို့က မလေးရှား အနောက်ပိုင်းပြည်နယ် ဆာဘားသို့ အသေခံဗုံးသမား ၈ ဦးနှင့် ကွာလာလမ်ပူသို့ ၁၀ ဦး စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“အဲဒီ အသေခံ ဗုံးသမားတွေက ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်တို့မှာ စစ်သင်တန်းတက်ရောက်ထားသူတွေပါ။ သူတို့ သက်ဆိုင်ရာခေါင်းဆောင်တွေရဲ့ အမိန့်ကို စောင့်နေပြီး အချက်ပြတာနဲ့ တိုက်ခိုက်မှုတွေ စတင်လာနိုင်ပါတယ်”ဟု Malaysiakiniက ရေးသားထားသည်။

မလေးရှား အထူးရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဖူဇီဟူရန်းက “ဒီသတင်းကို ကျွန်တော်တို့ လက်ခံရရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ မှန်ကန်ရှင်းလင်းတဲ့ သတင်းလို့တော့ အတည်မပြုနိုင်ပါဘူး။ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖက်က အရေးယူပြင်ဆင်နေပါတယ်”ဟု ပြောကြားသွားသည်။

Ref: The Guardian

No comments:

Post a Comment