Tuesday, July 31, 2012

ပြည်ပမီဒီယာများနှင့်INGO များ လက်ဝါးချင်းရိုက်ပြီး ရခိုင်ပဋိပက္ခကိုပွဲဆူအောင်ပြုလုပ်ခဲ့


    အခုတလော ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ပွက်လောရိုက်အောင် ပွဲဆူခဲ့ကြတယ်။  ပါကစ္စတန် အခြေစိုက်တာလီဘန်အကြမ်းဖက်အဖွဲ့  Tehreek-e-Taliban Pakistan(TTP)က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်သွားမယ်လို့ AFP သတင်းဌာနကတစ်ဆင့်ကြေညာခဲ့တယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လက်လှမ်း မီသလောက် ဒီလိုခြိမ်းခြောက်မှုမျိုးမရှိခဲ့ဖူးဘူး။ ဒါ့ကြောင့် ကျွန်တော်လည်း ဘာကိုအခြေခံပြီး ဘယ်သူတွေ ဘေးတီးပေးလို့ဒီလိုခြိမ်းခြောက်မှုဖြစ်လာလဲလို့စိတ်ဝင်စားမိပါတယ်။ ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဂျာနယ်တွေမှာ၊ Facebook တွေမှာတော်တော် များများရေး ထားကြတယ်။ ပြည်တွင်းမှာတော့ အခြေအနေမှန်၊ ဖြစ်စဉ်ဖြစ်ရပ် အမှန်များကို သိရှိနားလည် ပြီးဖြစ်မယ်လို့ယူဆပါတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း ဖြစ်စဉ်ဖြစ်ရပ်အပေါ် အချိန်မီ ကိုင်တွယ်ခဲ့တယ်လို့ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ လူပုဂ်္ဂိုလ်တွေကိုယ်တိုင်က အားပေးထောက်ခံခဲ့ကြ ပါတယ်။ ရခိုင်နဲ့ဆက်စပ်ဖြစ်စဉ်များကို အစိုးရပိုင်း အနေနဲ့လည်း ကိုင်တွယ်ဆောင်ရွက်ရာမှာ တရားဥပဒေအတိုင်း ဖြစ်စေရန် လူသိရှင်ကြား သတင်းထုတ်ပြန်ပြီး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ခဲ့တာကိုတွေ့နိုင်ပါတယ်။

 
       အထက်မှာပြောခဲ့တဲ့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် TTP အဖွဲ့က မြန်မာနိုင်ငံရဲ့အထင်ကရလည်းဖြစ်၊ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ လည်းဖြစ်တဲ့   ရွှေတိဂုံစေတီတော်၊   နိုင်ငံတော်သမ္မတ အိမ်တော်နဲ့                 လွှတ်တော် အဆောက်အဦများ အပါအ၀င် အထင်ကရ အဆောက်အဦများ ကိုပစ်မှတ် ထားမယ်လို့ဆိုပါတယ်။ တစ်ဆက် တည်းမှာပဲ ဘာကြောင့် ဒီပစ်မှတ်တွေကို ရွေးချယ်ရလဲလို့သုံးသပ်ကြည့်တော့ ပြည်ပမီဒီယာတွေမှာ မဟုတ်မမှန် သတင်းခြေမြစ်မခိုင်မာဘဲပြောပြထားခဲ့ မှုများကိုသွားတွေ့ရတယ်။ ရခိုင်ကိစ္စကို ဘာသာရေးအရနှိပ်ကွပ်မှု၊ လူနည်းစု ဘင်္ဂါလီအစ္စလာမ်ဘာသာဝင်တွေကို လူများစု ဖြစ်တဲ့ဗုဒ္ဓသာသာဝင်ရဟန်း တော်များ၊ ရခိုင်ပြည်သူများက လူမျိုးတုံး အနိုင်ကျင့်မှုအဖြစ် မမှန်မကန် ချဲ့ကားရေးသားမှုတွေရယ်၊ အဲ့ဒီအပြင် သမ္မတ    ကြီးက UNHCR မဟာမင်းကြီး Mr.Antonio Guterres ကို ၁၁-၇-၂၀၁၂ ရက်နေ့က လက်ခံတွေ့ဆုံစဉ်ပြောခဲ့တာတွေကို လိုသလိုဆွဲရေး ဆွဲတွေးတဲ့မီဒီယာများ၊ အထူးသဖြင့် ပြည်ပ အခြေစိုက်အသံလွှင့်ဌာနများနဲ့ မီဒီယာများရဲ့ရေးသားတင်ပြမှုများ ကြောင့်လို့ ယူဆရပါတယ်။
ဒါကြောင့် ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ သိမ်မွေ့ညင်သာစွာ စီမံကိုင်တွယ်ဆောင်ရွက်ခဲ့မှု များနဲ့ပြောကြားချက်များကို ပြန်ပြီးကြည့်မိပါတယ်။ ဒီဖြစ်စဉ်ဖြစ်ရပ်များအပေါ် အမှုမှန်ပေါ်ပေါက်ပြီး တရားဥပဒေအတိုင်းဖြစ်ဖို့    ပြည်ထောင်စု အဆင့်တာဝန်ရှိသူတွေပါတဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးခဲ့တာကို တရားဝင်သတင်းထုတ်ပြန်ပြီး ကြေညာခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စရပ် တွေအပေါ် အကျယ်အကျယ် မတည်မငြိမ်မှု မဖြစ်ပွားရေးနဲ့ အကြမ်းဖက်လုပ်ရပ်များကို ဥပဒေအရ   နှစ်ဦးနှစ်ဘက်ကျေနပ် အောင်ဆောင်ရွက်ခဲ့တာလို့မြင်ပါတယ်။ နိုင်ငံတော်ရဲ့ ဆောင်ရွက်ပေးမှုအပေါ် နှစ်ဘက်ကျေနပ်ပြီး အခြေအနေပုံမှန် ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ ၈-၆-၂၀၁၂ ရက်နေ့ မောင်တောမြို့ဖြစ်စဉ် ဆက်ဖြစ်ပွားခဲ့ပါတယ်။



သမ္မတအနေနဲ့ ရခိုင်ပြည်နယ် အတွင်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို မေတ္တာရပ်ခံပြောကြား ခဲ့ရာမှာ ဖြစ်စဉ်များအပေါ်ဥပဒေနဲ့ အညီ   ဖြေရှင်းဆောင်ရွက် မှာဖြစ်ကြောင်း၊ နောက်ထပ် မဖြစ်ပွားအောင်လည်း တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီစနစ်တကျ ထိန်းသိမ်းဆောင်ရွက် မှာဖြစ်ကြောင်း ပြောကြားခဲ့တာတွေ့ရပါသည်။ 
  ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များနဲ့ အခြေအနေမှန်ကိုသိရှိနိုင်ဖို့အတွက် နယ်စပ်ရေးရာဝန်ကြီးဦးဆောင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဗီးယား၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပုဂ်္ဂိုလ်များနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေပါတဲ့အဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ စစ်တွေ၊ မောင်တောဒေသကို ကွင်းဆင်းကြည့်ရှုစေခဲ့ ပါတယ်။ ဒါကိုကြည့်ရင် သမ္မတကြီးဟာဘက်လိုက်မှုကင်းစွာ စိတ်ရင်းစေတနာမှန်နဲ့ တည်ငြိမ်အေးချမ်း ရေးကိုညင်သာစွာ ကိုင်တွယ်ခဲ့တာ၊ ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။


    ထိုင်းနိုင်ငံမှာရှိတဲ့ Burmese Rohingya Association in Thailand-BRATအဖွဲ့ ကလည်း ရိုဟင်ဂျာ အမျိုးသမီး၊ ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအ၀င် လူ ၈၀၀ မှ ၁၀၀၀ အထိ ပျောက်ဆုံးနေကြောင်း၊  သေဆုံးမှုများ တိုးမြင့်လာနေဆဲ ဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များနဲ့  ရခိုင်လူမျိုးများက နိုင်ထက်စီးနင်းများပြုလုပ်ပြီး ဘင်္ဂါလီများကို အရှင်လတ်လတ်မီးရှို့နေကြောင်း ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ဇွန်လ ၁၁ ရက်နေ့က မဟုတ်မမှန် စာဖြင့်ရေး သားပေးပို့ခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့မှစတင်၍ ဖြစ်ခဲ့သော အဓိကရုဏ်းတွင် ဘင်္ဂါလီ ၆၀၀၀ ခန့် အသတ်ခံရကြောင်း အင်တာနက် ၀က်ဘ်ဆိုဒ်မှာတွေ့ခဲ့ရပါတယ်။



ပါကစ္စတန်အဖွဲ့တစ်ဖွဲ့ ကလည်း မြန်မာဗုဒ္ဓဘာသာဝင် အစွန်းရောက်များ၏တိုက်ခိုက်မှု ကြောင့် ဘင်္ဂါလီ ၂၀,၀၀၀ ခန့် အသတ်ခံခဲ့ရကြောင်း မဟုတ်မမှန် သတင်းများဖော်ပြခဲ့ပါတယ်။



တကယ်တော့ဆူပူ အကြမ်း ဖက်မှုတွေမှာ နှစ်ဘက်သေဆုံးသူ ၇၇ ဦး သာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အနေနဲ့ ၁၁၃ ယောက်ရှိခဲ့တယ်ဆိုတာ သက်ဆိုင်ရာဌာနဆိုင်ရာစာရင်းဇယား များအရနှင့် သတင်းစာရှင်းလင်းပွဲ များတွင် အတိအလင်းဖော်ပြခဲ့ပါ တယ်။ မဟုတ်မမှန်သွေးထိုးမှုများက အဖြစ်မှန်ကို ဖုံးကွယ်၍မရပါ။
           AFP သတင်းဌာနက ဇွန်လ ၇ ရက်နေ့တွင်ဖော်ပြရာမှာ မောင်တော မှရဲတပ်ဖွဲ့က မွတ်စလင်တွေနဲ့ပဋိပက္ခ ဖြစ်ပွားပြီးသေနတ်နဲ့ ပစ်ခတ်ခဲ့သလို ဖော်ပြခဲ့ပါတယ်။ BBC သတင်းဌာန ကလည်း ဇွန်လ ၈ ရက်နေ့သတင်းမှာ ဘာသာရေးကိုအခြေခံပြီး ရဲတွေက မောင်တောမြို့ ဆန္ဒပြသူတွေကို ပစ်ခတ် ခဲ့တယ်လို့ရေးသားဖော်ပြခဲ့တာတွေ့ရ ပါတယ်။
          အလားတူပါပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇွန်လ ၁၅ ရက်နေ့က အစ္စလာမ်ဘာသာဝင် ၁၀၀၀ ခန့်စုရုံးကာ ရခိုင်ကိစ္စရပ်နှင့်ပတ်သက်၍မမှန်မကန်အော်ဟစ်ပြောဆို၍ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်လာတာကို တွေ့ရပါတယ်။ ပြည်ပသတင်းဌာနများကဖော်ပြရာမှာ အမြဲတမ်း ပါတာတွေကတော့
ဗုဒ္ဓဘာသာ ရခိုင်များက လူနည်းစုအစ္စလာမ် ဘာသာဝင် ဘင်္ဂါလီတွေကိုလို့ ရေးသားဖော်ပြ ခဲ့ပြီး ဘာသာရေး ပဋိပက္ခ အသွင်မျိုးဖြစ်အောင် တမင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


အဲဒီနောက်ပိုင်း ပြည်ပအစ္စလာမ်နိုင်ငံ များ၊ အဖွဲ့အစည်းများက ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လို့စိုးရိမ်ပူပန်ကြောင်း ပြောလာခဲ့ ပါတယ်။ မလေးရှား၊ အီရန်၊ ပါကစ်္စတန်၊ ယူအေအီး စသည့်နိုင်ငံများကလည်း ပြည်ပမီဒီယာများရဲ့အသံကို လိုက်ပြီး ရိုဟင်ဂျာအရေးစိုးရိမ် ပူပန်သည်ဟုထုတ်ဖော်ပြောဆို လာသည်ကိုတွေ့ရပါတယ်။
    ပြည်ပINGO များနဲ့ သတင်းဌာနများဟာ ရခိုင် ကိစ္စမှာလူများစုဗုဒ္ဓဘာသာဝင် ရဟန်း၊ ရခိုင်တိုင်းရင်းသားနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများအပေါ် တစ်ဖက်သတ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုပြီး  ဖြစ်စဉ်ကိုပြောင်းပြန်ပြောနေတာပဲဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ သူတို့ရန်ပုံငွေရနိုင်ဖို့ အတွက် ရိုဟင်ဂျာအရေး မျက်စိမှိတ်နားပိတ်ပြီး အတင်းအော်နေတာကို တွေ့ရပါတယ်။ အဲဒီအဖွဲ့တွေနဲ့ အခြေ အနေမှန်တွေကိုသိပြီး ရေငုံနှုတ်ပိတ်နေတဲ့ ပြည်တွင်းရှိINGO တွေ၊INGO တွေက အပေးအယူ တည့်စွာနဲ့ ရိုဟင်ဂျာအရေး ကို အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်ခဲ့တယ်။ အဲဒီလိုလုပ်ခဲ့လို့လည်း နိုင်ငံတကာ   အစ္စလာမ်နိုင်ငံများရဲ့အာရုံစိုက်လာခြင်းများ၊ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့များရဲ့ ခြိမ်းခြောက်ပြောဆိုမှုများပေါ်ထွက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။
   ဒါတွေနဲ့ပတ်သက်ပြီးဂျာနယ်လစ်တွေ၊ ကော်လံစားတွေ ဘာကြောင့်မျက်စေ့မှိတ်နေတာလဲ။ လက်တစ်ဆုပ်စာ လူတစ်စုရဲ့နိုင်ငံကို တစ်ပါးကျွန်ဖြစ်အောင် လုပ်နေတာမျိုးကျတော့ တစ်စိတ်ကို တစ်အိတ်လုပ် ချီးမွမ်းခန်းတွေဖွင့်ပြီး အစိုးရကိုလည်း ကက်ကက်လန်ရန်တွေ့နေကြတယ်။ ပြည်ပ ကတောင်ချီးကျူးရတဲ့အထိ သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့တာကိုကျတော့ လိပ်ကိုဆင်ဖြစ်အောင် မရေးတတ်ကြတော့ဘူးလား။ ဘယ်သူဘာလုပ်လုပ် ထိခိုက်နစ်နာ မှာက ပြည်သူတွေပဲ ဆိုတာနားမလည်ကြတော့ဘူးလား။ အမျိုးစစ်မှ အမျိုးချစ်တယ်ဆိုတာ သိပ်မှန်တဲ့စကားပါလား။




1 comment:

  1. မှန်တယ်။အမျိုးမစစ်တော့ မျိုးမချစ်ဘူးပေါ့။

    ReplyDelete