Friday, March 27, 2015

နိုင်ငံ့ဝန်ထမ်းများ၏ ဧပြီ ၁ ရက်တွင် စတင်ခံစားခွင့်ရရှိမည့် လစာနှုန်းထားများ လွှတ်တော်၌ အတည်ပြု၊ အနိမ့်ဆုံးဝန်ထမ်း ကျပ် ၁၅၀၀၀ တိုးပြီး ဗိုလ်ချုပ်မှူးကြီးမှာ ၁၈ သိန်းအထိ တိုးမြှင့်ရရှိမည်၊ ၀န်ထမ်းငယ်များ အပြောင်းအလဲနည်းပါး




နိုင်ငံဝန်ထမ်းများ ဧပြီ ၁ ရက်တွင် စတင်ခံစားခွင့်ရရှိမည့် လစာနှုန်းထားများကို လွှတ်တော်၌ မတ် ၂၆ ရက်က အတည်ပြုမှတ် တမ်းတင်ခဲ့သည်။


မတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဆိုပါ လစာနှုန်းထားများကို လာရောက်တင်ပြ ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး လာရောက်တင်ပြခဲ့သည့် နှုန်းထားများအရ အနိမ့်ဆုံးဝန်ထမ်းမှာ အသားတင်လစာ ကျပ် ၁၅၀၀၀ တိုးပြီး တပ်မတော်၏ အမြင့်ဆုံး ရာထူးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမှာ ကျပ် ၁၈ သိန်း တိုးမြှင့်ရရှိမည်ဖြစ်သည်။

အနိမ့်ဆုံး ၀န်ထမ်းတစ်ဦးသည် လက်ရှိအချိန်တွင် အနိမ့်ဆုံးလစာ ကျပ် ၇၅၀၀၀နှင့် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ စုစုပေါင်း ၁၀၅၀၀၀ ကျပ် ရရှိနေသည်။ အစိုးရအနေဖြင့် အနိမ့်ဆုံး ၀န်ထမ်းအတွက် ကျပ် ၄၅၀၀၀ ကို တိုးမြှင့်ပေးခဲ့သော်လည်း အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ကို ပယ်ဖျက်ခဲ့သဖြင့် အနိမ့်ဆုံးဝန်ထမ်း တစ်ဦးအတွက် ပိုမိုရရှိလာမည့် လစာပမာဏသည် ကျပ် ၁၅၀၀၀ သာ ရှိသဖြင့် အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပေ။ ထို့ပြင် အရပ်သားဝန်ထမ်း ဖွဲ့စည်းပုံ၏ အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်၏ တိုးမြှင့်လစာ ငါးသိန်းကျပ်သည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့် လစာနှင့် တူညီနေသည်။


အစိုးရအဖွဲ့မှ အခြေခံအကျဆုံး ၀န်ထမ်းတစ်ဦး၏ လစာနှုန်းထားနှင့် တပ်မတော်မှ အခြေခံအကျဆုံး တပ်မတော်သားတစ်ဦး၏ လစားနှုန်းထားကို တူညီစွာ ကျပ် ၄၅၀၀၀ အား တိုးမြှင့်ပေးခဲ့သော်လည်း အစိုးရအဖွဲ့မှ ပြည်သူ့ဝန်ထမ်း အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး ချုပ်၏ လစာကို ကျပ်နှစ်သိန်းခွဲမှ ကျပ်ငါးသိန်းသို့ တိုးမြှင့်ပေးခဲ့သည်။ တပ်မတော်၏ အမြင့်ဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်၏ လစာကို ကျပ် ၁၂ သိန်းမှ ကျပ်သိန်း ၃၀ သို့ တိုးမြှင့်ပေး ခဲ့ခြင်းဖြစ်သည်။

နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထားများကို ယခင်အနိမ့်ဆုံးလစာ ကျပ် ၇၅၀၀၀ မှ ကျပ် ၁၂၀၀၀၀ သို့လည်းကောင်း၊ ယခင်အမြင့်ဆုံးလစာ ကျပ် ၂၅၀၀၀၀ မှ ကျပ် ၅၀၀၀၀၀ သို့လည်းကောင်း ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တိုးမြှင့်မည်ဟု ဦးဝင်းရှိန်က ဆိုသည်။

တိုးမြင့်ခဲ့သည့် လစာနှုန်းထားများအရ ၀န်ကြီးဌာနတစ်ခု၏ အနိမ့်ဆုံးရာထူးဖြစ်သည့် ရုံးအကူသည် လက်ရှိ လစာ ကျပ် ၇၅၀၀၀ မှ ကျပ် ၁၂၀၀၀၀ သို့လည်းကောင်း၊ အငယ်တန်းစာရေးသည် လက်ရှိလစာ ကျပ် ၈၇၀၀၀ မှ ကျပ် ၁၅၀၀၀၀ သို့လည်းကောင်း၊ အကြီးတန်းစာရေးသည် လက်ရှိလစာ ကျပ် ၉၃၀၀၀ မှ ကျပ် ၁၆၅၀၀၀ သို့လည်းကောင်း၊ ဒုတိယဦးစီးမှူးသည် လက်ရှိလစာ ကျပ် ၉၉၀၀၀ မှ ကျပ် ၁၈၀၀၀၀ သို့လည်းကောင်း၊ ဦးစီးမှူးသည် လက်ရှိ ကျပ် ၁၀၅၀၀၀ မှ ကျပ် ၁၉၅၀၀၀ သို့လည်းကောင်း၊ ဦးစီးအရာရှိသည် လက်ရှိ ကျပ်  ၁၄၀၀၀၀ မှ ကျပ် ၂၅၀၀၀၀ သို့လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူးသည် ကျပ် ၁၆၀၀၀၀ မှ ကျပ် ၂၈၀၀၀၀ သို့လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးသည် ကျပ် ၁၈၀၀၀၀ မှ ကျပ် ၃၁၀၀၀၀ သို့လည်းကောင်း၊ ညွှန်ကြားရေးမှူးသည် ကျပ်၂၀၀၀၀၀ မှ ကျပ် ၃၄၀၀၀၀ သို့လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည်  ကျပ် ၂၂၀၀၀၀ မှ ကျပ် ၃၈၀၀၀၀ သို့လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်သည် ကျပ် ၂၅၀၀၀၀ မှ  ကျပ် ၅၀၀၀၀၀ သို့ လည်းကောင်း အသီးသီးတိုးမြှင့် သွားမည်ဖြစ်သည်။

ထို့ပြင် နှစ်တိုးလစာများကို နှစ်နှစ်လျှင် တစ်ကြိမ်ခံစားခွင့်ပြုရန်နှင့် လက်ရှိခံစားခွင့် ပြုထားသော လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အား ပယ်ဖျက်မည်ဟု ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများ၏ လစာနှုန်းထားများကိုလည်း အသီးသီး တိုးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိ အနိမ့်ဆုံးလစာနှုန်းထား ကျပ်၇၅၀၀၀ ရရှိနေသည့် တပ်မတော်သားတစ်ဦးသည် ကျပ် ၁၂၀၀၀၀ သို့ တိုးမြှင့်ရရှိမည် ဖြစ်ကြောင်းနှင့် တပ်မတော်၏ အမြင့်ဆုံးရာထူးဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှာ လက်ရှိလစာ ကျပ် ၁၂၀၀၀၀၀ မှ ကျပ် ၃၀၀၀၀၀၀ အထိ တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း ဦးဝင်းရှိန်က ဆိုသည်။

ဦးဝင်းရှိန်က “တိုးမြှင့်ခြင်းမပြုမီ လစာနှုန်းထားအဟောင်းမှာ အနိမ့်ဆုံးလစာဟာ ၇၅၀၀၀ နဲ့ ခွင့်ပြုထားပါတယ်။ အမှုထမ်းတွေအတွက် နှစ်တိုးကို တစ်ခါတိုးလျှင် ၁၀၀၀ နှုန်းနဲ့ ငါးကြိမ်ရာထူးတစ်ဆင့်နဲ့ တစ်ဆင့်တိုးတက်မှုဟာ ၁၀၀၀ တိုးမြင့်ထားတာ တွေ့ရပါတယ်။ အမှုထမ်းကနေပြီးတော့ အရာထမ်းတို့ ခြားနားတဲ့လစာဟာ ၂၄၀၀၀ ဖြစ်ပါတယ်။ အရာထမ်းများအတွက် နှစ်တိုးကို တစ်နှစ်ကို တစ်ခါတိုးလို့ရှိရင် ၂၀၀၀ နှုန်းနဲ့ ငါးကြိမ်ရာထူး အဆင့်တစ်ဆင့် တစ်ဆင့်ကို၊ တစ်သောင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ထိ တိုးမြှင့်ထားပါတယ်။ ညွှန်ချုပ်နဲ့ ဒုညွှန်ချုပ်လစာ ကွာခြားချက်က နှစ်သောင်းကျပ် ဖြစ်ပါတယ်။ ထိုစဉ်က လစာအဟောင်းအတိုင်း လက်ရှိခံစားနေတဲ့ လစာနှုန်းထားအတိုင်း အမြင့်ဆုံးလစာဟာ နှစ်သိန်းငါးသောင်း ဖြစ်ပါတယ်။ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးလစာ ကွာခြားချက်ဟာ ၃ ဒသမ ၃ ဆဖြစ်ပါတယ်။ ယခုလက်ရှိ တိုးမြှင့်ပေးမယ့် လစာနှုန်းထားအရ အနိမ့်ဆုံးလစာဟာ တစ်သိန်းနှစ်သောင်းနှုန်းဖြင့် တွက်ချက်ထားပါတယ်။ အမှုထမ်းများအတွက် နှစ်တိုးကို ၂၀၀၀ ကျပ်နှုန်းဖြင့် ငါးကြိမ်တိုးမြှင့်မှာဖြစ်ပြီးတော့ တစ်ဆင့်နဲ့ တစ်ဆင့်ကို ကျပ် ၅၀၀၀ နှုန်းစီ တိုးမြှင့်ပေးထားပါတယ်။ အမှုထမ်းမှ အရာထမ်းသို့ ခြားနားလစာဟာ သုံးသောင်းဖြစ်ပါတယ်။ အရာထမ်းအတွက် နှစ်တိုးကို တစ်ကြိမ်ကို ကျပ် ၄၀၀၀ နှုန်းဖြင့် ငါးကြိမ်တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ရာထူးတစ်ဆင့်နဲ့ တစ်ဆင့်ကို ၁၀၀၀၀ နှုန်းအပြင် ညွှန်ကြားရေးမှူးအဆင့်ထိ တိုးမြင့်ပေးထားပါတယ်။ အမြင့်ဆုံးလစာကို ငါးသိန်း တွက်ချက်ထားပါတယ်။ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး လစာကွာခြားချက်ဟာ ၄ ဒသမ ၂ ဆဖြစ်ပါတယ်။ အထက်ပါ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြေညာစာ ထုတ်ပြန်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးနိုင်မည့်နှုန်းထား သတ်မှတ်ချက်ကို သီးခြားထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒေသစရိတ်ခံစားခွင့်နဲ့ ပတ်သက်၍လည်း စိစစ်သုံးသပ်မှုများ ပြုလုပ်ပြီးပါက သီးခြားထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအတွက် သတ်မှတ်ထားတဲ့လစာနဲ့ စရိတ်နှုန်းထားများနဲ့ ခွင့်ပြုပေးနိုင်မယ့် အငြိမ်းစားလစာနဲ့ ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်စေမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်၌ အပိုထောက်ပံ့ကြေးကျပ် ၃၀၀၀၀ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်း ကျပ် ၁၀၀၀ ထပ်ဆောင်းပေးခြင်း၊ ၂၀၁၃ ခုနှစ်တွင် လစာနှုန်းထားများကို ကျပ် ၂၀၀၀၀ စီတိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်းကို ကျပ် ၁၁၀၀ မှ ကျပ် ၁၇၀၀ သို့တိုးမြင့်ပေးခြင်း၊၂၀၁၄ ခု နှစ်တွင် လစာနှုန်းထားများကို ကျပ်၂၀၀၀၀ စီတိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခကို ကျပ် ၁၇၀၀ မှ ကျပ် ၂၀၀၀ သို့ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးရာတွင် လစာကွာခြားချက် ပမာဏ၊ ၀န်ထမ်းအင်အား၊ ဒေသစရိတ်၊ ပင်စင်စသည့် ဆက်စပ်ကိစ္စများအတွက် ထည့်သွင်းစဉ်းစားကာ ယခုပမာဏကို တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အောက်ခြေ၀န်ထမ်းများ လစားနှုန်းတိုးမြှင့်သည့် ပမာဏနည်းပါးရခြင်းမှာ နိုင်ငံတော်၏ အနေအထားမှာ လိုငွေပြနေခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများ မတက်စေရန် ဘက်စုံမှ စဉ်းစားတွက်ချက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အစိုးရအသုံးစရိတ် လျှော့ချကာ ၀င်ငွေရဖွေရခြင်းသည် ခက်ခဲ့သည့် ကိစ္စဖြစ်ကြောင်း၊ ယခုတိုးမြှင့်ပေးခဲ့သည့် ပမာဏကိုလည်း နောင်အစိုးရများတွင် ဆက်လက်ပေးနိုင်ရန်ပါ ထည့်သွင်းထွက်ချက်ထားကြောင်း ဦးဝင်းရှိန်က သတင်းထောက်များအား ဆိုသည်။

“အရင်က အပိုထောက်ပံ့ကြေး သုံးသောင်းဆိုရင် ပင်စင်ထွက်တဲ့အထဲမှာ မပါဘူး။ အခုတိုးပေးလိုက်တဲ့ ပမာဏက ပင်စင်ထွက်တဲ့ အထဲမှာပါ ပါမယ်။ ဒါကြောင့် ဒီလိုတိုးတာက သင့်လျော်တယ်လို့ပဲ ပြောချင်ပါတယ်။ မတရားတိုးရင်လည်း ကုန်ဈေးနှုန်းတွေရှိတယ်။ တိုင်းပြည်ရဲ့ ငွေကြေးအခြေ အနေကလည်း ရှိသေးတယ်လေ” ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “အခုတိုးပေးလိုက်တဲ့ လစာပမာဏက ရာထူးမြှင့်ဝန်ထမ်းတွေ အတွက်တော့ သိသိသာသာ ဖြစ်ပါတယ်။ အောက်ခြေ၀န်ထမ်းတွေ အတွက်တော့ ဘာမှအပြောင်းအလဲ သိပ်မရှိဘဲ နည်းတယ်လို့ သုံးသပ်ချင်ပါတယ်။ နောက်တစ်ခုက လစာတိုးပေးလိုက်တာနဲ့ ကုန်ဈေးနှုန်းက တက်တက်တာကြောင့် ကုန်ဈေးနှုန်းကိုလည်း ထိန်းဖို့လိုပါမယ်။ ဒီလိုမှ မဟုတ်ရင် အောက်ခြေ၀န်ထမ်းတွေကို အခုတိုးပေးလိုက်တဲ့ ပမာဏက ကုန်ဈေးနှုန်းထဲပဲ ပြန်ပါသွားလိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။       


Eleven Media Group 

No comments:

Post a Comment