Friday, July 20, 2012

ဖားကန့် အာဇာနည်နေ့ ကြံ့ခိုင်ရေး ဦးဆောင်ကျင်းပ NLD တက်

ရန်ကုန် (မဇ္ဈိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီတို့ ဦးစီးကာ ၆၅ ကြိမ်
မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တိဇေရုံ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ကြရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှလည်း တက်ရောက်သည်ဟု သိရသည်။



“ဒီနေ့ဆွမ်းကပ်တဲ့ အခမ်းအနားကို ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲ တက်ကြတယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေတော့ လာမတက်ကြဘူး။ အားလုံးတိုင်ပင်ပြီး အခုလိုကျင်းပဖြစ်တာပါ” ဟု မိုးညှင်းခရိုင် ကြံ့ခိုင်ရေးပါတီ အမှုဆောင် ဦးစိုင်းသိန်းထွန်း က ဆိုသည်။

အာဇာနည်နေ့ကို ယခင်နှစ်များက အခုကဲ့သို့ တရားဝင် ကျင်းပခွင့် မရခဲ့ကြောင်းကိုလည်း ဖားကန့်မြို့နယ်မှ NLD ကိုယ်စားလှယ်လောင်း ဦးဒါရှီလာဆိုင်း က ဆိုသည်။

“ပြီးခဲ့တဲ့နှစ်တွေက အာဇာနည်နေ့ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့ရတယ်။ အခုလို တရားဝင် ကျင်းပလို့ မရဘူး။ အခုတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းကပ်ကြတယ်” ဟု မဇ္စျိမကို ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့ကလည်း စာသင်ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများအား ဆရာ၊ ဆရာမများက အာဇာနည် ပုဂ္ဂိုလ်ကြီးများအကြောင်း ဟောပြောပွဲငယ်လေးများ ပြုလုပ်ပေးခဲ့သည်ဟုလည်း ကျောင်းသားမိဘတဦး ပြောပြချက်အရ သိရှိရသည်။

ထိုသို့ စာသင်ကျောင်းများတွင် ပြုလုပ်သည့် ဟောပြောပွဲများမှာ ယခင်က ကျင်းပမပေးခဲ့သော်လည်း ယခုနှစ် ပြုလုပ်ပေး သည်မှာ ညွှန်ကြားချက်ကြောင့် ကျင်းပခြင်း ဖြစ်နိုင်ကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။

No comments:

Post a Comment