Tuesday, August 14, 2012

ကုလ လူ့အခွင့်ရေး ကိုယ်စားလှယ်၏ သဘောထား ကို ရခိုင်ပါတီ တုံ့ပြန် ဝေဖန်

ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ သွားရောက် လေ့လာခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား နှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ၏ သဘောထားကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) စစ်တွေ ဗဟိုက သြဂုတ်လ ၁၂ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိ ရသည်။ကင်တားနား အနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သတင်း မီဒီယာများကို ပြောကြားခဲ့သည်များမှာ တရားမျှတမှု မရှိသည့်အပြင် ရိုဟင်ဂျာ ဆိုသည့်
စကားလုံးကို သုံးနှုန်း ပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်) ကင်တားနားသည် ရခိုင်လူမျိုးများ၏ သမိုင်း အစဉ်အလာနှင့် ဖြစ်တည်မှုကို အသိအမှတ် မပြုသည့်အပြင် သမိုင်းလိမ် များကို အားပေး မြှောက်ပင့်ရာ ရောက်နေပြီး ထိုစကားလုံးကို သုံးနှုန်း ပြောဆိုခြင်း မပြုရန် အလေးအနက် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကင်တားနား အနေဖြင့်"၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ(Burma Citizenship Law)ကို ပြန်လည် သုံးသပ် ပေးရန် တောင်းဆိုခြင်းနှင့် ' ခွဲခြား ဆက်ဆံခြင်း ခံနေရသည်' ဟု စွပ်စွဲပြောဆိုခြင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သောပဋိပက္ခ ဇစ်မြစ်ကို တစ်ဖက်သတ် အမြင်ဖြင့် တွေ့ဆုံ လေ့လာပြီး ဖိအားပေး ပြောဆိုမှုများ ရှိနေခြင်း ကြောင့် ပကတိ အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော် ပြထား သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှုး ဦးခိုင်ပြည်စိုးကမူ ပါတီ တစ်ရပ် အနေဖြင့် မိမိတို့ လူ့အဖွဲ့အစည်းနှင့် မိမိတို့၏နယ်မြေ အစဉ် တည်တံ့ ရပ်တည်နိုင်ရေး အတွက် ပါတီဖွဲ့စည်းပုံ စာမျက်နှာ(၂)၊ နိုင်ငံရေး ကဏ္ဍ အပိုဒ်(ဆ)တွင် '၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို အခြေခံ၍ ရခိုင်ပြည်နယ် အတွင်း တိုင်းရင်းသား မဟုတ်သည့် လူမျိုးခြားများ တရားမဝင် ဝင်ရောက် အခြေချ နေထိုင်မှုကို တားဆီး ပိတ်ပင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်' ဟူ၍ ဖော်ပြ ထားချက်နှင့်၊ စာမျက်နှာ(၈)၊ အုပ်ချုပ်ရေး ကဏ္ဍတွင် 'ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာ စာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ရန်' ဟု ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် ကင်တားနား အနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အဆမတန် လူဦးရေ ပေါက် ပွားမှုကြောင့် ဒေသခံ တိုင်းရင်းသားများ၏ လူမှု အနိဌာရုံ ပေါ်ပေါက်နေမှုကို လူသားချင်း စာနာထောက် ထားမှု မရှိသည့် အပြင် ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် NGOs အဖွဲ့အစည်း တချို့က တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလီများကို တဖက်သတ် ကူညီ ထောက်ပံ့နေခြင်းသည်သာ အမှန်တကယ် ခွဲခြား ဆက်ဆံခြင်း ဖြစ်သည်ဟု ရှုမြင် သုံးသပ်ရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်မှ ဦးဝဏ္ဏရွှေထံ ဆက်သွယ် မေးမြန်း ခဲ့ရာ ၄င်းတို့ အနေဖြင့် မစ္စတာ ကင်တားနား၏ ကုလသမဂ္ဂထံ တင်ပြသွားမည့် အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ ပြောဆို ဆုံးဖြတ်ပေးရန် စောလွန်းနေ သေးကြောင်း၊ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော် လုပ်ဆောင်မှုများကို အပြုသဘောဘက် မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

ဒီလို ကိစ္စမျိုးတွေမှာ အရင် မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကတော့ မျှမျှတတ ရှိတာကို တွေ့ရပါတယ်။ သူ့ရဲ့ အစီရင်ခံစာ မထွက်လာသေးတော့ တစ်စုံတစ်ရာ ပြောဖို့ စောလွန်း နေသေးတယ်။ ၄င်းက ထပ်မံ ရှင်းပြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင် မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ဆူပူအကြမ်းဖက်မှုများ ဖြစ်နေသော ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက် လေ့လာ ခဲ့သည်။
 
From- The Voice Weekly

1 comment:

  1. (နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့သည်)မလုပ်ပါနဲ့။လိမ်လည်ထွက်ဆိုရန် စကားလုံးများအတွက် နှစ်ရက်ကြာသွားရောက် လေ့လာစုဆောင်းခဲ့သည်။(အဲဒီလိုလုပ်ပါ)

    ReplyDelete