Saturday, August 25, 2012

လူငယ်များ၏ စကားလက်ဆောင်။

ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့(မိချောင်းဝင်း)ရွာမှာ နေပါ တယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက် သားပါ။ မိဘတွေကတော့ ရွာမှာပဲနေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ ၃တန်းအောင် အထိ ကျောင်းနေ ခဲ့ပါတယ်။ မိဘတွေအလုပ်က ပင်ပမ်းတဲ့အတွက် သူတို့ကို ကူညီချင်တာနဲ့ ၃တန်းအောင်တဲ့နှစ်မှာ ပဲ ကျောင်းဆက် မတက်တော့ဘဲ တနှစ် နွားကျောင်းတယ်။ ဒါပေမယ့် ကျောင်းကလည်း တက်ချင်သေးတယ်ဆိုတော့ နွားကျောင်းပြီး ကျောင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။

ရွာမှာ ကျောင်းဆက်တက်မယ်ဆိုရင် ကျောင်းစရိတ်ကလည်း ရှိသေးတယ်လေ။ အလုပ်လုပ်နေရတဲ့ မိဘကိုလည်း စာနာတယ်။ ဒါကြောင့် ကျောင်းစရိတ်မလိုတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါး(ယခု မယ်လအူး)ဒုက္ခသည်စခန်းကို တော်လှန်ရေးအဖွဲ့ အကူအညီနဲ့ ၁၉၉၉ခုနှစ်မှာ တက်လာပြီး ကျောင်းဆက်နေတယ်။ ဒုက္ခသည်စခန်းမှာ ကျောင်းတက်တာ ဆယ်တန်းအောင်တဲ့အထိပါပဲ။ ဆယ်တန်း အောင်ပြီး ၂၀၀၇မှာ KNU က တပ်မဟာ(၅)မှာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ်ကရင်လူငယ် သင်တန်းကျောင်းကို ၂နှစ် တက်တယ်။ အဲဒီ ကျောင်းကစပြီး ကရင့်သမိုင်းနဲ့ တော်လှန်ရေးသမိုင်း ကို တော်တော်သိလာခဲ့တယ်။ ပြီးတော့ KNU တပ်မဟာ(၅)ကဖွင့်တဲ့ ဒေးဖိုးနို အထက်တန်းကျောင်း မှာ ကျောင်းဆရာ တနှစ် ပြန်လုပ်တယ်။ အဲဒီနောက်ပိုင်း KNU ထဲမှာ စ၀င်အလုပ်လုပ်တာ အခုထိပါပဲ။ လက်ရှိ ၂၀၁၂ခုနှစ်၊ KNU တပ်မဟာ(၇)၊ လှိုင်းဘွဲမြို့နယ်မှာဖွင့်တဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျောင်းကို တက်ရောက်မှာ ဖြစ်ပါတယ်။

ကျနော်ငယ်ငယ်တုန်းက စစ်ဗိုလ်အရမ်းဖြစ်ချင်တာ။ ဒါပေမယ့် လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ရင်း နိုင်ငံရေးဘက်ကို စိတ်ပြန်ဝင်စား လာတယ်။ ဒီလိုမျိုး နိုင်ငံရေးသင်တန်းကျောင်းအရင်က တက်ထားဖူးပေမယ့် အခုဒီကျောင်းမှာ ဒီနှစ်သင်မယ့် ဘာသာရပ်တွေ အရမ်းစိတ် ၀င်စားတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်ကတော့ အဓိကပေါ့။ အခြေခံစစ်သင်တန်းလည်း ပါတယ်လေ။ ကျနော် ရည်ရွယ်ထား တဲ့အရာတွေကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်သွားမယ်လို့ ဆန္ဒပြုထားပါတယ်။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြော ချင်တာက ကိုယ့်ကရင့်သမိုင်းကို သိရှိနားလည်အောင် လေ့လာပါ။ ကိုယ့်ကရင်အမျိုးသားအတွက်လည်း တတ်နိုင်တဲ့ဘက်က အလုပ် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

No comments:

Post a Comment