Sunday, August 5, 2012

မြေဈေးနှုန်းအမှန်တကယ် လျော့ကျမည့် ကာလကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျှော်နေ လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်သမ်းတိုးဖွယ်မရှိကြောင်း သိရ

From - ElevenMediaGroup
အနော်ရထာ စက်မှုဇုန်တစ်နေရာကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ်
ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် အခွန်စနစ်သစ်ကြောင့် မြေရောင်းဝယ်မှုများ ရပ်တန့်သွားကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများမှ သိရှိရပါသည်။
ထို့ပြင် သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ် ဆက်လက်ကျင့်သုံးခြင်း ရှိ မရှိ အပေါ်တွင်မူတည်ပြီး အိမ်ခြံမြေဈေးကွက်အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များမှ သုံးသပ်ခဲ့ကြပြီး လတ်တလော ထွက်ပေါ်နေသည့်သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်တမ်းတိုးဖွယ်မရှိကြောင်းလည်း သိရှိရသည်။
''အိမ်၊ ခြံ၊ မြေနဲ့ဆိုင်တဲ့ နိုင်ငံတကာပွဲတွေမှာ ကျွန်တော်တို့ သွားတက်ရင် လာရောက်ဆွေးနွေးတဲ့ သူအားလုံးရဲ့ မှတ်ချက်က မြေဈေးနှုန်း မြင့်လွန်းတယ် မှတ်ချက်ပေးကြတယ်။ သူတို့ရဲ့ မှတ်ချက်က နိုင်ငံတကာမှာ သတင်းဖြစ်သွားတော့ အမှန်တကယ် မြှုပ်နှံမယ့်သူတွေ လက်တွန့်သွားတယ်။ ဒီလိုလက်တွန့်သွားတော့ မြှုပ်နှံမယ့်သူတွေ ၀င်လာတာနည်းတယ်။ ဒီတော့ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက အမှန်တကယ် ယှဉ်ပြိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေ မလာတော့ဘဲ ဖွံ့ဖြိုးမှု နောက်ကျလာ ပါတယ်၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကလည်း ဈေးနှုန်းတွေ ကျဆင်းမယ့်ကာလကို စောင့်မျှော်နေကြပါတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ငွေဝင်လမ်းပြစရာမလိုဘဲ ရောင်းသူဝယ်သူနှစ်ဦးမှ ၁၅ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသည့် အိမ်ခြံမြေ အခွန်စနစ်သစ်မှာ ၅ နှစ်တာ သက်တမ်းတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြောကြားချက်အရ အခွန်စနစ်သစ် သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်ကလည်း အခွန်သက်တမ်းတိုး မတိုးအား တရားဝင် ထုတ်ပြန်မှသာ သိရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခွန်စနစ်သစ် သက်တမ်းတိုးမှု ရပ်ဆိုင်းလိုက်ပါက ငွေဝင်ရလမ်း ပြသရခြင်း၊ ပြည်တွင်းအခွန်များ ဦးစီးဋ္ဌာနသို့ ပေးဆောင်ရမည့် အခွန် ၂ဆ တိုးလာခြင်းစသည့် အချက်များကြောင့် အိမ်ခြံမြေအား ဈေးကစားရန် ၀ယ်ယူသူများအတွက် အခွန်စနစ် သစ်ကဲ့သို့ လွယ်ကူမှုမရှိနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
''အခွန်စနစ်သစ်ကလည်း ဦးစိုးသိန်း ပြောစကားအရ သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ဘူး။ ပုံမှန်ဆိုရင်တော့ အခွန်စနစ်သစ် သက်တမ်းကုန်ခါနီးရင် အရောင်းအ၀ယ် ကောင်းလေ့ရှိတယ်။ ဒီနှစ်မှာတော့ ဦးစိုးသိန်း ပြောစကားကြောင့် အားလုံးက တကယ် ဈေးကျအောင် လုပ် မလုပ် စောင့်ကြည့်နေကြပါတယ်။ ဒီနှစ်ထဲဇုန်မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်တာဆိုလို့ သီလ၀ါစက်မှုဇုန်မြေပဲ ရှိတယ်။ သီလ၀ါစက်မှုဇုန်မြေကလည်း စက်မှုမြို့တော် အကောင်အထည်ဖော်မယ်လို့ သတင်းထွက်တဲ့ အချိန်မှာတစ်ဧကကို ကျပ်သိန်း ၂၅၀၀ လောက်အထိ ရှိခဲ့ပေမယ့် အခုဆိုကျပ်သိန်း ၁၅၀၀ ၀န်းကျင်ပဲရှိတယ်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတွေကတော့ ၀ယ်ယူဖို့ ကြိုးစားကြပါတယ်''ဟု ယူနတီမှ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

အခွန်စနစ်အရ ၀င်ငွေရ လမ်းဖော်ပြနိုင်စရာမလိုဘဲ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူခွင့်ရှိသောကြောင့် ငွေကြေးခ၀ါချလိုသူများအတွက် အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် ရရှိနေသည် . . .

ယခင်အစိုးရ လက်ထက်တွင် စီးပွားရေးလုပ်ငန်းကြီးအချို့အား မြေနေရာများ၊ စက်မှုဇုန်များနှင့် မြို့ပြစီမံကိန်းများအပါအ၀င် လုပ်ပိုင်ခွင့် အများအပြားအား လက်ရှိဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ပြန်လည်စိစစ်၍ လုပ်ကိုင်နိုင်စွမ်းမရှိဘဲ လုပ်ပိုင်ခွင့်ရယူထားခြင်း၊ နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်နိုင်မှုမရှိခြင်း စသည့်အချက်များအား စိစစ်၍ ဆက်လက်ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း တွေ့ရှိပါက လက်ရှိအစိုးရလက်ထက်တွင် လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းသည်အထိ အရေးယူဖွယ်ရှိကြောင်းလည်း အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးပညာရှင်အချို့မှ ပြောကြားခဲ့ကြသည်။
''အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ အာရှမှာ အမြင့်ဆုံးဖြစ်နေတာက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိလို့ပါ။ ဒီလိုဖွံ့ဖြိုးမှု မရှိတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြှုပ်နှံစရာကဏ္ဍ နည်းပါးတဲ့အတွက်  အိမ်၊ ခြံ၊ မြေမှာပဲ စုပြုံမြှုပ်နှံနေလို့ပါ။ တခြားစီး ပွားရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှု များလာတာနဲ့အမျှ တခြားစီးပွားရေးကဏ္ဍတွေမှာ ပြန်လည်မြှုပ်နှံမယ်ဆိုရင် အာရှမှာ ဈေးအမြင့်ဆုံး ဖြစ်နေတဲ့ မြန်မာ့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ ပြန်လည်ကျဆင်းသွားပါမယ်''ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာဇော်ဦးက သုံးသပ်ပြောကြားသည်။
ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတွင် မြေယာနှင့်ပတ်သက်သည့် အရှုပ်အထွေးများလည်း နေ့စဉ် ကြားသိနေရကြောင်း၊ လယ်မြေသိမ်းယူမှုများ၊ စက်မှုဇုန်မြေနေရာ ဖော်ထုတ်ခြင်း များကြောင့် အိမ်ခြံမြေဈေးကွက်တွင် သိသိသာသာ ရိုက်ခတ်မှုရှိနေကြောင်းလည်း သိရှိရသည်။
''အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ အခွန်ကောက်သင့်တယ်လို့မြင်တယ်။ ဥပမာ-အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အိမ်တစ်လုံးပိုင်တဲ့ အနေအထားကနေ နောက်ထပ်အိမ်တစ်လုံးဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း သိန်းတစ်ထောင်အထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်၊ သိန်းတစ်သောင်းအထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်ဆိုပြီး property tax ကို ကောက်သင့်တယ်လို့ မြင်တယ်။ အဲဒါဆို အိမ်ခြံမြေဈေး ကွက်မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုးကို ကာကွယ်ပြီးသား ဖြစ်သွားမယ်။ မူဝါဒတစ်ခုက ဈေးကစားချင်တဲ့သူတွေကို အကာအကွယ်ပေးတဲ့မူဝါဒ မဖြစ်သင့်ဘူး''ဟု စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက ပြောကြားခဲ့သည်။
လက်ရှိလည်ပတ်နေသော စက်မှုဇုန်မြေကွက်များတွင် စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် အချိန်ကာလ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း အကောင်အထည် မဖော်နိုင်ပါက မြေကွက်များ ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌုာနမှ ထုတ်ပြန်ခဲ့ဖူးပြီး လက်ရှိကာလတွင်လည်း သတ်မှတ်ကာလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
''မြန်မာ အိမ်ခြံမြေဈေးက အာရှမှာ အမြင့်ဆုံး ဖြစ်နေပါပြီ။ ဒါပေမဲ့ ဈေးနှုန်းမြင့်တက်လာမှုက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလို့ စနစ်တကျ ဈေးနှုန်းတက်လာတဲ့ပုံစံ မဟုတ်ဘူး။ စီမံကိန်းတွေရှိရင် ပုံပြီးဝယ်၊ အကောင်အထည်မဖော် ဘဲ လှောင်ထား၊ ပြီးရင်ထုတ်ရောင်းနဲ့ ဈေးတွေတက်လာသလို၊ ငွေကြေး ဈေးကစားဖို့အတွက် နာမည်ခံဝယ်တဲ့ အိမ်နီးချင်း နိုင်ငံသားတွေကြောင့် မြန်မာ့မြေဈေးနှုန်းက ပုံပျက်ပန်းပျက် တိုးတက်လာတာပါ။ ဒီလိုမဖြစ်သင့်ဘဲ မြင့်တက်နေတဲ့ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့ လိုနေပါပြီ''ဟု မဏ္ဍိုင်အိမ်ခြံ မြေ အကျိုးဆောင်မှ ဦးသန်းဦးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်အများစုမှာ အာဆီယံဒေသနှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုများပြားသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းရှိ မြေကွက်များအား လက်ဦးမှုရယူ၍ သိုလှောင်ထားပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာချိန်တွင် မြေကွက်ပိုင်ဆိုင်မှုနှင့် အကျိုးတူပူးပေါင်းနိုင်ရန် မြေကွက်များတွင် အားစိုက်မြှုပ်နှံနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အာဆီယံစီးပွားရေး အသိုက်အ၀န်း အလုပ်ရုံဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။
''မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ FDI (နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု)ကို အသာရနိုင်တာ  မြေကွက်တစ်ခုပဲရှိတယ်၊ ကျန်တဲ့ ထုတ်ကုန်၊ ပစ္စည်းအရည်အသွေး၊ ဈေးကွက်ပြိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံနိုင်မှု၊ ဘာတစ်ခုမှ FDI ကို ပြိုင်နိုင်ဖို့ မရှိဘူး။ ဒီတော့ အသေချာဆုံးအလုပ်က အချက်အခြာကျတဲ့ မြေကွက်တွေ၊ ဖွံ့ဖြိုးလာနိုင်တဲ့မြေကွက်တွေကို လက်ဦးမှုရယူပြီး ၀ယ်ထားတာက အသေချာဆုံး ဈေးကွက်ပြိုင်ဆိုင်မှုဆိုတာ အားလုံး သဘောပေါက်ထားတယ်လေ။ ဒီတော့မြေကွက်တွေကိုပဲ စုပြုံမြှုပ်နှံပြီး ဈေးကစားနေကြတာပေါ့''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် လက်ရှိကျင့်သုံးလျက်ရှိသော ၁၅ ရာခိုင်နှုန်း အခွန်စနစ်သည် ၂၀၀၇ ခုနှစ်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် နှစ်စဉ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် သြဂုတ်လဆန်းပိုင်းတွင် သက်တမ်း ကာလပြည့်မည်ဖြစ်ပြီး မည်သည့် အခွန်စနစ်သစ်ဖြင့် အစားထိုးမည်ဆိုသည်ကိုမူ မသိရသေးကြောင်း သိရသည်။
ယင်းအခွန်စနစ်အရ ၀င်ငွေရ လမ်းဖော်ပြနိုင်စရာမလိုဘဲ ၁၅ ရာ ခိုင်နှုန်းအခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူ ခွင့်ရှိသောကြောင့် ငွေကြေးခ၀ါချ လိုသူများအတွက် အခွင့်အလမ်း ကောင်းတစ်ရပ်အဖြစ်ရှိနေသည်ဟု လည်း သုံးသပ်ကြသည်။
 

No comments:

Post a Comment