Monday, August 20, 2012

ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံ (၆၃) ဦးအား (၆)လစီ ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ်တွင် ဇွန်လကတည်းက ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)ညမထွက်ရအမိန့်ကို  ဖေါက်ဖျက်ခဲ့သူများအား  စစ်တွေ မြို့နယ်တရားရုံးမှ ထောင်ဒဏ်(၆)လစီ ပြစ်ဒဏ်ချမှတ်လိုက်သည်။ မြို့တော်စစ်တွေတွင် ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးထားသည့် တရားခံ(၆၃)ဦး၊ ဖမ်းဆီးအရေးယူအမှု ၂၃ မှုရှိခဲ့ရာ တရားခံ (၆၂၁)ဦးအား ထောင်(၆)လစီ စီရင်ပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးက သိရှိရသည်။


“စစ်တွေမှာ  တရားခံ ၆၁ ဦး၊စီရင်ပြီး အမှု (၂၁) မှု  (၂)မှု ကျန်သေးတယ်၊  သံတွဲမှာ ပုဒ်မ-၁၈၈ အရ စွဲခဲ့တဲ့ အမှုစာရင်းက  (၉)မှုမှာ တရားခံ (၁၃) ဦး ရှိပါတယ်”ဟု ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။


၎င်းတို့သည် ညမထွက်ရအမိန့်ကို ဖေါက်ဖျက်သည့်အတွက် ပုဒ်မ(၁၈၈)ဖြင့် အရေးယူထားခြင်းဖြစ်ရာ အမြင့်ဆုံး ထောင်ဒဏ် (၆)လစီ ချမှတ်ခံရခြင်း ဖြစ်သည်။

 ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးအရေးယူခံရမှုမှာ ရခိုင်ဦးရေပိုများကြောင်း ဘင်္ဂလီလူဦးရေ မရှိကြောင်း၊ ဘင်္ဂလီ ဒုက္ခသည်စခန်းများတွင် ဖမ်းဆီးခြင်း မတွေ့ရကြောင်း ဦးလှသိန်းက ဆိုသည်။

 ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးအရေးယူခံရသူများမှာ ကျေးလက်ဒေသများက ဒေသခံများလည်းပါ ဝင်ပြီး ၄င်းတို့သည် စစ်တွေမြို့ပေါ်တွင် ဖမ်းဆီးခံရခြင်းများလည်း ရှိကြောင်း သိရသည်။

 “နယ်ကလူတွေလည်းပါတယ်၊ ဖမ်းတဲ့အထဲမှာပြီးတော့ စစ်တွေ ဆေးရုံရောက်နေတဲ့ လူနာစောင့်တွေ လည်း တွေ့ရတယ်၊ မြို့နယ်တရားရုံးကတော့ ထောင် (၆)လစီ ချမှတ်ပါတယ်”ဟု မြို့နယ်တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 ထိုကဲ့သို့ ထောင်ဒဏ်(၆)လ ချမှတ်မှုမှာ များနေကြောင်း၊ ထိုထက် လျော့ပေါ့သတ်မှတ်သင့်ကြောင်းကိုလည်း  ဒေသခံများက ဝေဖန်မှုများ ရှိနေသည်။


 ပုဒ်မ ၁၄၄ ည မထွက်ရအမိန့်ကို ဇွန်လ (၁၀)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၁၀ရက်နေ့ တွင်  ည(၇)နာရီမှ နံနက်(၅)နာရီ အထိ ဟု စစ်တွေမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ထပ်မံ ထုတ်ပြန်ထားသည်။
 
From-မြစ်မခမီဒီယာ

No comments:

Post a Comment