Tuesday, August 28, 2012

ဒဏ်ရာကြောင့် ရွန်နီအား (၂)လကြာမျှ မန်ယူ လက်လွှတ်ထားရမည်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဓိက တိုက်စစ်မှူး ဝိန်းရွန်နီကို (၂)လမျှကြာအောင် လက်လွှတ်ရတော့မည်ဟု သိရှိရသည်။
မန်ယူအသင်းသည် ဖူလ်ဟမ်နှင့် ကစားသည့် ပွဲစဉ်တွင် ခြေထောက်၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်နောက် မန်ယူအသင်း ကစားမည့် (၁၄)ပွဲမျှကို လွဲချော်ဖွယ် ရှိနေကြောင်း The Sunက ဖော်ပြခဲ့သည်။ အသက်(၂၆)နှစ်ရှိ ရွန်နီသည် ဟူဂို ရိုဒယ်လီဂါနှင့် မတော်တဆ ထိခိုက်မှုကြောင့် ခြေထောက်တွင် စုတ်ပြဲဒဏ်ရာ ကြီးကြီးမားမား ရရှိခဲ့ခြင်း ဖြစ်သည်။

ဆေးအဖွဲ့သည် ရွန်နီ၏ ဒဏ်ရာကြောင့် တုန်လှုပ်သည်အထိ ဖြစ်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင်၏ ပေါင်သားသည် အရိုးကိုပါ ထိခိုက်သွားစေခဲ့ကြောင်း သိရသည်။ ရွန်နီသည် အင်္ဂလန်အသင်း မော်လ်ဒိုဗာ၊ ယူကရိန်းတို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ၊ မန်ယူအသင်း၏ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် ပထမ(၃)ပွဲနှင့် ပရီးမီးယားလိဂ် ပွဲစဉ်အချို့ကို လွဲချော်မည် ဖြစ်သည်။ ရွန်နီသည် ၎င်း၏ ဒဏ်ရာကို (၁၀)ချက်ချုပ်ကာ ကုသမှု ခံယူခဲ့ရသည်။



ရွန်နီသည် အဲဗာတန်နှင့် ကစားသည့် ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် ခြေစွမ်းညံ့ဖျင်းမှုကြောင့် ဖူလ်ဟမ်နှင့်ပွဲတွင် အရန်အဖြစ်မှ လူစားဝင် ကစားခဲ့ရသော်လည်း ယခုလို ထိခိုက်သွားခြင်း ဖြစ်သည်။ မန်ယူသည် ရွန်နီကို လက်လွှတ်ထားရသည့် ကာလအတွင်း အာဆင်နယ်မှ ဝယ်ယူထားသည့် ရော်ဘင် ဗန်ပါစီအား တိုက်စစ်တွင် အဓိက အားပြုလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

No comments:

Post a Comment