Saturday, August 25, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ သဘောထားအမြင်များ

ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ၊ စာရေးသူ)

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင် အခုကိစ္စ က နှစ်မျိုြး ဖစ်နိုင်မယ်ထင်တယ်။ ပထမ အချက် ကတော့ အခြေခံ ဥပဒေ အပေါ်နားလည်ချက်။ ဒါကို ရိုးရိုးသားသား မတူကြတာ လည်း ဖြစ်နိုင်ပါတယ်။ ဒုတိယ အချက်ကတော့ ကျွန်တော်တို့ မသိနိုင်၊ သိခွင့် မရှိတဲ့ နောက်ကွယ်က အကြောင်းရင်း တချို့ ရှိကောင်း ရှိနိုင်တယ်။ ပြောရရင် လွှတ်တော်နဲ့ အစိုးရ အဖွဲ့ အားပြိုင်မှုမျိုး လားပေါ့။

ပထမ အချက် ဖြစ်နိုင်ခြေက အခြေခံ ဥပဒေကို ရိုးရိုးသားသား နားလည်ချက် မတူတာဆိုရင် ညှိနှိုင်းလို့ ရမယ် ထင်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့သူတွေကို သက်ရှိ ထင်ရှား ရှိနေတဲ့ ခုလိုချိန်မှာ မူလ အဓိပ္ပာယ် ပြန်ဖော်ဖို့က သိပ်ခက်မယ် မထင်ဘူး။ မူလ အဓိပ္ပာယ်ကိုက လက်တွေ့ အလုပ်လုပ်ရာမှာ အခက်အခဲ ဖြစ်သလို ရှိနေရင် ပြင်သင့် ပြင်ရမှာပါ။
ဒုတိယ ဖြစ်နိုင်ခြေ အားပြိုင်မှု ဆိုရင်တော့ ဖြေရှင်းရ ခက်လိမ့်မယ်။ အားပြိုင်မှု ဘရိတ်ပေါက်ပြီး ပဋိပက္ခ အသွင် ရောက်သွားရင် နုနယ်တဲ့ ဒီမိုကရေစီ အတွက် အန္တရာယ်ကြီးတယ်။ ဒါကို နှစ်ဖက်စလုံး ထိန်းမှ ဖြစ်မယ်၊ ထိန်းကြပါလို့လည်း နိုင်ငံသား တစ်ယောက်အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။ အာဏာသုံးရင် တစ်နည်းပြောရရင် မဏ္ဍိုင်သုံးခု ဟာ အပြန်အလှန် ထိန်းကျောင်းဖို့ လိုသလို ညီညွတ်ဖို့လည်း လိုမယ် ထင်တယ်။
ကမ္ဘာကရော မြန်မာကပါ အသိအမှတ်ပြု လက်ခံနေတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဦးသိန်းစိန်တို့၊ သူရဦးရွှေမန်း တို့ဆိုတာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်တွေပါ။ လူပုဂ္ဂိုလ် အရ ပြောရရင် သူတို့နှစ်ယောက် ညီညွတ်ရေး၊ အဖွဲ့အစည်း အရ ပြောရရင် အစိုးရနဲ့ လွှတ်တော် ပူးပေါင်း ဆောင်ရွက်မှုဟာ ဒီကနေ့ အပြောင်းအလဲရဲ့ သော့ချက်လို့ ထင်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လူထုအများစု အသိအမှတ်ပြုလက်ခံ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်သွားကြရင် အခက်အခဲ အားလုံး ဖြတ်ကျော်ပြီး လိုရာခရီးကို အေးအေးညောင်းညောင်း ဆက်နိုင်မယ်ထင်တာပဲ။ အဲဒီတိုင်းပဲ ဖြစ်စေ ချင်ပါတယ်။

 

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)


ကျွန်တော် နားလည်တာက ပြည်ထောင်စု အဆင့်ဆို တဲ့ ဝေါဟာရကို ဖွင့်ဆိုတဲ့ နေရာမှာ အရေးကြီးဆုံး အချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပိုင်း ဆိုင်ရာ ပဋိပက္ခပေါ့။ လက်တွေ့ကျကျ စဉ်းစားတာက နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ၊ လွှတ်တော် ဥက္ကဋ္ဌ သ၀ဏ်လွှာ ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ လွှတ်တော်က ယူထားတာက လွှတ်တော် လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့ အတွက် သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ဒုတိယ ၀န်ကြီးတွေ ကို ခေါ်ယူ မေးမြန်း စုံစမ်းတဲ့ အခါမှာ ပြည်ထောင်စု အဆင့်ဆိုတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်ပြော ချင်တာက ဒီဘက်က လိုချင်တာ လုပ်ပိုင်ခွင့်။ သမ္မတရဲ့ သ၀ဏ်လွှာကို ကြည့်လိုက်တဲ့အခါကျ တော့ ခံစားခွင့်၊ ခံစားပိုင်ခွင့်တွေ ဖြစ်လာတဲ့အတွက် ဒီဟာတွေ ပေးရမှာကို သမ္မတ ဘက်ကလည်း တွက်ချက် ပြီးတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြ တာ။
အဲဒီတော့ ကျွန်တော့် အမြင် ပြောရရင် ဒီနှစ်ခု ကို ညှိလိုက်ဖို့ လိုတယ်။ လွှတ်တော်က လိုလား တဲ့ ပြည်ထောင်စု အဆင့် သည် လုပ်ပိုင်ခွင့်ပဲ ဖြစ်တယ်ဆိုတာကို တစ် နည်းနည်းနဲ့ ဘောင် ခတ်လိုက်ပေါ့။ အဲဒါဆို သမ္မတကြီး ပြောချင်တဲ့ ခံစားပိုင်ခွင့်ဆိုတဲ့ ဟာမျိုးလည်း မရှိ တော့ဘူး၊ အလုပ်ဖြစ်သွား ပြီ။ အခုလို ဒီမိုက ရေစီ အသွင်ကူးပြောင်းတဲ့ အရှိန်မြင့်နေတဲ့ အချိန်မျိုးမှာ ဒီပြဿနာ ကြောင့် နှေးကွေးမှာ မလိုလားဘူး။

ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ)

ဒီပြဿနာက ဘယ်အရာကိုမှ ယတိပြတ် ပြောလို့ မရဘူး။ အခြေခံ ဥပဒေမှာ ပါတာနဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်း ထားတာတွေက ဘာကိုမှ ပြတ်ပြတ် သားသား ရှင်းရှင်း လင်းလင်း အဖြေ ပေးမထားဘူး။ အငြင်းပွား စရာဖြစ်နေတယ်။ မှီငြမ်းစရာ မရှိလို့ ၀ိဝါဒ ကွဲနေတာကိုး။ ဥပဒေပြုရေး အာဏာကတော့ အားလုံး လွှမ်းခြုံပြီး ရှင်းလင်းအောင်လုပ်လို့ရတာပေါ့။ အပြန်အလှန် ထိန်းကျောင်း ဖေးမပြီး ညီညီညွတ်ညွတ်နဲ့ သွားရင် ပို အဆင်ပြေမယ်လို့ ထင်တယ်။
ကျွန်တော်တို့ ၁၀ ပါတီနဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့တုန်းကလည်း ပြော ခဲ့ပါတယ်။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုရေး အာဏာ ညီညီညွတ်ညွတ် သွားရင် နိုင်ငံအတွက် ပိုကောင်းမယ်ဆိုတာ ကျွန်တော် တို့ ပြောခဲ့တယ်။ အဲဒီလို ညီညွတ်နေမှ ၂၀၁၀ ရွေးကောက်ပွဲ နဲ့အတူ ပေါ်လာတဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲက ပိုသိမ်မွေ့ပြီး ပြေလည်နိုင်မယ် ထင်တယ်လို့ ပြောခဲ့တယ်။
ဒီကိစ္စက သမ္မတကြီးကနေ ရှေ့နေချုပ်က တစ်ဆင့် တင်တဲ့ ကိစ္စကို ပြန်ရုပ်ရင် အနည်းင ယ် ပြေလည် လောက်တယ်။ အဲဒါမှ ခက်ခဲ နေတယ်ဆိုရင် ခံစားချက်တွေ ပုဂ္ဂိုလ်ရေး ဖယ်ရှားပြီး ဒီမိုကေ ရစီ ကျင့်စဉ်အရ ထိန်းကျောင်း ဖေးမ ပြီး ညီညီညွတ်ညွတ်နဲ့ သွားသင့်တယ်။
မနေ့ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ နဲ့ တွေ့တယ်လို့ ကြားပါတယ်။ ဒီပြဿနာ ကို ဒေါ်အောင်ဆန်းစုကြည် တတ်နိုင်သလောက် ၀င်ရောက် ညှိနှိုင်း ပေးနိုင်ရင် အကောင်းဆုံး ဖြစ် လာမယ် ထင်တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရယ်၊ သမ္မတ ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ၀ိုင်းဝန်း ဖြေရှင်းလိုက်ရင် ပြေလည် သွားလိမ့်မယ်လို့ထင်တယ်။


ဒေါက်တာ အေးမောင် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)

ခုံရုံးရဲ့ သုံးသပ်ချက်ကို ခုံရုံးကပဲ ဆုံးဖြတ် ရလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုံရုံးကို ဖွဲ့စည်းတာ လည်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း တာ။ ခုံရုံးမှာ ပါသင့်ပါအပ်တဲ့ ခုံရုံး အဖွဲ့ဝင်တွေရဲ့ အရည်အချင်းကို လည်း သတ်မှတ်ထားတာ ရှိတယ်။ ခုံရုံးကို ဘာကြောင့် ဖွဲ့စည်းသလဲဆို တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ထိန်းသိမ်းဖို့ အဓိပ္ပာယ် ဖွင့်ဆိုတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုဒ်မ တစ်ခုချင်းကို အကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် နည်းတယ်ဗျ။ ခုံရုံးမှာ ပါတဲ့ ပုဂ္ဂိုလ်တွေက (မနှိုင်းကောင်းပါဘူး)။ တိပိဋက အာဂုံ ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလို ဆိုရင်တော့ မေးနို င် ထောက်နိုင်တာပေါ့။ ဒီပုဂ္ဂိုလ် တွေကိုက ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ တစ်ခုချင်း ပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် အဓိပ္ပာယ် ဖွင့်နိုင်တဲ့ အရည်အချင်း ပြည့်ပြီလား၊ သူတို့ကိုယ် သူတို့ သုံးသပ် ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံက တကယ်တမ်း သူတို့ ရေးခဲ့တဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။
ဦးအောင်တိုးဆိုရင် ကျွန်တော်မပြောဘူး။ အဲဒါကြောင့် သူတို့သည် အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ မမှားပါဘူးလို့ ပြောလို့ မရဘူး။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဘာကို ရည်ရွယ် သလဲ။ ဒေါက်တိုင်ကြီး သုံးခု၊ မဏ္ဍိုင်ကြီး သုံးခု Check and Balance ပုံသဏ္ဌာန်ကို သွားချင်တာ။ ဒါမျိုးဖြစ်ဖို့ ဖန်တီးထားတဲ့ ပုဒ်မတွေ အများကြီးရှိတယ်။ ဥပမာ-ပုဒ် ၂၁၇၊ သူ့ရဲ့အတိုင်းအတာ၊ အာဏာ စက်တွေရှိ တယ်။ အုပ်ချုပ်ရေး လမ်းကြောင်း ကတော့ ဟိုတုန်းက သွားသလို သွားချင်တာပဲ။ ဒါလည်း ဓမ္မတာ သဘာဝ ကျတာပဲ။ သူတို့က မပြောင်းလဲ လိုဘူးလေ။ ခု ပြောင်းလဲလိုတဲ့ စနစ်ကို တီထွင် တာမို့လို့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်လာတာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပုဒ်မတစ်ခုချင်းမှာ သီးသန့်စီ ပေးထားတာ ရှိတယ်။ အဲဒီတော့ တကယ်တမ်း အဓိပ္ပာယ် ကျွမ်းကျွမ်းကျင်ကျင် ဖွင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိဖို့ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှာ လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ တစ်ခုချင်းစီရဲ့အဓိပ္ပာယ် ကြွယ်ဝမှုကို ဖွင့်ဆိုနိုင်မှ ပြည်သူရော၊ အစိုးရရော၊ လွှတ်တော်တို့ရော မျှဝေ ခံစားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အရည်အချင်း ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ လိုတယ်။ ဒေါသ၊ ဆန္ဒစွဲ မပါရဘူး။
စွပ်စွဲ ပြစ်တင်မှု လုပ်ရမှာပေါ့။ လုပ်ရမယ့် တာဝန်က ပြည်သူတွေက ပေးထားတာ။ လွှတ်တော် ကို ရောက်တဲ့ ပုဂ္ဂိုလ်တိုင်းက တည့်မတ် ပေးရမယ်။ ဒါပေမဲ့ လုပ်ချင်မှလည်း လုပ်ဖြစ်မယ်။ တာဝန်သိသိနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ညှိနှိုင်း နိုင်မယ် ဆိုရင် ခုံရုံးက သူ့ဟာသူ နုတ်ထွက်သွားမှာ။ အဲဒါ အကောင်း ဆုံးပဲ။

ဒေါ် ခင်ဝိုင်းကြည် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)

တင်မယ်လို့ ကြားပေမယ့် တကယ်တမ်း ညှိလိုက်တဲ့အခါ တစ်မျိုးဖြစ်ချင် ဖြစ်သွား နိုင်တယ်လေ။ အခုအချိန်ထိတော့ Confirm (အတည်) မဖြစ်သေးဘူး။ အန်တီ့ သဘောထားက အန်တီတို့ နိုင်ငံမှာ တစ်ယောက်နဲ့ တစ်ယောက် Trust (ယုံကြည်မှု) လိုတယ်။ Unity လိုတယ်။ နောက် Negotiation (ညှိနှိုင်းစေ့စပ်မှု) လိုတယ်။ နောက်ကျတော့မှ Peace တို့၊ Development တို့ကလာမှာ။ Procedure (အဆင့်)တွေက အဲလို ရှိတယ်ဆိုတော့ အန်တီက စိတ်ရင်း အတိုင်း အကုန်လုံး Negatiate လုပ်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ်။ အဆင်ပြေတယ်။ အမြဲတမ်း အဲဒါမျိုးကိုပဲ လိုချင်တယ်။ လိုချင်တာ ဆိုတော့ တကယ်လို့သာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်း တိုင်ပင်လို့ အဆင်ပြေသွားတယ် ဆိုရင် အန်တီတို့က အရမ်း ၀မ်းသာတယ်ပေါ့။ ပေါင်းလုပ်ကြရမယ့် သူတွေပဲလေ။ ဒါပေမဲ့ တစ်ခုရှိတာက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ အဲဒီကျတော့ ဥပဒေ ပြုနေတဲ့သူတွေရဲ့ Role နဲ့ အဆင့် ကတော့ တစ်စုံတစ်ရာ အတိုင်းအတာ တစ်ခုအထိ Responsible (တာဝန်)ကျတဲ့ အဆင့်တစ်ခ ရှိရမယ်။ အဲဒီတော့ အန်တီပြောတဲ့ စကားလုံးတွေက ဘယ်ကို ဦးတည် နေသလဲ။ ဘယ်လို အဓိပ္ပာယ်ရှိတယ် ဆိုတာ သိမှာပဲ။

ဦးရဲထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အကောင်းဆုံး ဖြစ်တာကတော့ နိုင်ငံတော် သမ္မတ က နိုင်ငံတော် အဆင့် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီးေ တာ့ ဒီခုံရုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်လို ဆိုထားသလဲ ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ခိုင်းတာ။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးကလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ရုံပဲ သူ့မှာ တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဒီဟာတွေ ညီမညီဆိုတာ ဘယ်ဟာတွေပဲ လုပ်ခွင့် ရှိသလဲ ဆိုတော့ ကျွန်တော်တို့ နောက်လွှတ်တော်မှာ ပြုမယ့် ဥပဒေတွေ ကျတော့မှ သာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီမညီ ဆိုတာကို လုပ်ရမယ့် တာဝန်ရှိတာ။ နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော အင်္ဂလိပ် လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော ညီမညီ ဆိုတာ သုံးသပ်ဖို့ သူ့ထဲမှာ မဖော်ပြထားဘူး။ အဲဒါ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း မပါဘူး။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဥပဒေထဲမှာလည်း မပါဘူး။
အဲဒီတော့ နိုင်ငံတော် သမ္မတက ပေးလိုက်တဲ့ တာဝန် ကတော့ ဥပဒေနဲ့ ညီတယ်။ ဘယ်လိုပဲ ပြန်ပြီး ဖြေသင့် တာလဲဆိုရင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆို သည်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့၊ ရွေးကောက်ပွဲ ကော်မရှင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး စသဖြင့်ပေါ့လေ အတိအကျ ဖော်ပြပြီးတော့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဟာ ပြည်ထောင်စု အဆင့် ဥပဒေပြု အဖွဲ့အစည်းများ ဖြစ်တယ်လို့ အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်လို့ ပြောရင် အဲဒါ နှစ်ဖက်စလုံး အတွက်ကောင်းတယ်။ အဲဒါက နိုင်ငံတော် သမ္မတကြီး လိုချင်တဲ့ အဖြေလည်း ရသွားတယ်။ ကျွန်တော် တို့ကိုလည်း ဒီအဆင့် အမှန်အတိုင်းပဲ။ ကျွန်တော်တို့က လိုချင်လို့ ပြဋ္ဌာန်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတာတော့ မဟုတ်ဘူး။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရဲ့ ဥပဒေတွေထဲ မှာ အတိအကျ ပါပြီးသား။
သူတို့က အဲဒီ ဥပဒေတွေကို လေ့လာ သုံးသပ်ခွင့် မရှိတဲ့ အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာပါတဲ့ စာသားကိုပဲ လုပ်ရင် လုံလောက်ပြီ။ ထပ်မကွန့်နဲ့။ ထပ်ကွန့်ရင် သူ့ကို ပေးအပ်မထားတဲ့ တာဝန်ကို ထမ်းဆောင်လိုက်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ဥပဒေနဲ့ မညီတော့ဘူး၊ အာဏာ မသက်ရောက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ခုံရုံးရဲ့ ဆုံးဖြတ်ချက် နောက်ပိုင်းမှ ဖွဲ့စည်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တရား စီရင်ရေးနဲ့ ဥပဒေ စိုးမိုးရေး ကော်မတီကို ပြည်ထောင်စု အဖွဲ့အစည်း ဖြစ်သည်လို့ ရေးထည့်ပေးတာလည်း မမှားဘူး။ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်က အာဏာ မသက်ရောက်လို့။
အဲဒီရဲ့ Concept ပေါ့။ အဲဒါကို ယူပြီးတော့ နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ရယ် ဒါကို ဆွေးနွေး တိုင်ပင်လိုက်ရင် ဘာမှ လုပ်စရာ မလိုဘဲနဲ့ ကျွန်တော်တို့လည်း သူတို့ကို ဖြုတ်စရာမလို၊ သူတို့လည်း နုတ်ထွက်စရာ မလို၊ ဆုံးဖြတ်ချက်က အလိုအလျောက် ပြယ်သွားပြီ ဆိုပြီးတော့ လုပ်လို့ရတယ်။

No comments:

Post a Comment