Saturday, August 4, 2012

ကချင်စစ်ပွဲမှာ ရေရှည်တွင် စိုးရိမ်စရာဖြစ်လာ

နန်းတင်ထွေး
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ နေထိုင်နေကြ ရသည့် စစ်ပြေးဒုက္ခသည်စခန်းတစ်ခု။ ဓာတ်ပုံ-ကောင်းထက်
တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော ကချင်စစ်ပွဲမှာ ရေရှည်တွင် စိုးရိမ် စရာ ဖြစ်လာကြောင်းနှင့် ပဋိပက္ခအတွက် အဖြေတစ်ခုအား အရေး တကြီးလိုအပ် ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်ချုပ်တစ်ဦးက ပြောသည်။

"ခုလို စစ်ပွဲတစ်နှစ်ကျော်လာတဲ့ အချိန်မှာ ဘာမှမသိတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာတောင် ဒီကိစ္စက အစိုင်အခဲ တစ်ခုဖြစ်လာတယ်။ ခံစားချက် ဆိုတာနဲ့ ကြီးထွား သန္ဓေတည်လာပြီး အချိန်ကြာ လာတာနဲ့အမျှ ထိန်းချုပ်ဖို့ခက်လာ တယ်"ဟု ကေအိုင်အေ၏ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဦးဂုန်မော်က ဇူလိုင်လ ၇ ရက်နေ့က လိုင်ဇာမြို့၌ ပြောသည်။
ကေအိုင်အေထိန်းချုပ်ရာ ဒေသအတွင်း ရှိဒုက္ခသည်စခန်းများ၏ အခြေ အနေမှန် ကို လေ့လာရန်ရောက်ရှိခဲ့သော လူမှု အဖွဲ့အစည်း ငါးဖွဲ့၊ ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်း၏တည်ထောင်သူနှင့် မြန်မာ တိုင်း(မ်)တို့ လိုင်ဇာမြို့ရှိ ကေအိုင်အေ၏ ယာယီဌာနချုပ်၌ပြုလုပ်သော တစ်နာရီ ကျော်ကြာတွေ့ဆုံမှုတွင် ၁၇ နှစ်ကြာ တည်ဆောက် ခဲ့ရသော ယုံကြည်မှုမှာ တိုက်ပွဲများကြောင့် ပျောက်ဆုံးခဲ့ရ ကြောင်း ၎င်းက ပြောသည်။
"ယုံကြည်မှုတွေ တည်ဆောက်ရမယ့် အစား တစ်ဖက်နဲ့တစ်ဖက် သံသယတွေ ပိုများလာတယ်။ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့လိုပါတယ်။ ဒီတိုင်း အပစ်အခတ်ရပ်စဲရေးပဲ လုပ် လိုက်ရင် ဒီကိစ္စက လူထုတွေရဲ့ကြားထဲ မှာ ကျန်ခဲ့မယ်"ဟု ၎င်းက ပြောသည်။
"စစ်သားဆိုတာ စစ်မြေပြင်မှာ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်မှာ ပဲ။ ဘာမှမစဉ်းစားနိုင်ဘူး။ လူမှုရေး ချိုးဖောက်တာတွေလည်း ရှိတယ်။ တပ်မတော် ဘက်ကရှိသလို ကေအိုင်အေ ဘက်ကလည်း ရှိတာပဲ။ တကယ်နစ်နာ ရတာက လူထုတွေဖြစ်တယ်"ဟု ဦးဂုန်မော်က ပြောသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု သုံးကြိမ်မှာလည်း တိကျသောအဖြေ မထွက်ခဲ့ကြောင်း ၎င်းကပြောသည်။ ကေအိုင်အေ စတင်တည်ထောင်ချိန် ၁၉၆၁ မှ ယခုချိန်ထိ အဖွဲ့၏ယုံကြည်မှု နှင့် ခံယူချက်မှာ" နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာခြင်း"ဖြစ်ကြောင်းနှင့် နိုင်ငံရေး အရ ဆွေးနွေးမှုရှိမှသာလျှင် ရှေ့ဆက်နိုင် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"ကျွန်တော့အနေနဲ့ ငြိမ်းချမ်းရေး ဆိုတာကို ဘယ်လိုအဓိပ္ပယ်ဖွင့်သလဲလို့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိုယ်စားလှယ် တွေကို ခဏခဏမေးပါ တယ်။ ခုထက်ထိ တိကျတဲ့အဖြေမရပါ ဘူး"ဟု ဦးဂုန်မော်က ပြောသည်။
"တိုက်ပွဲတွေမဖြစ်တော့ရင် ငြိမ်းချမ်း ရေးရပြီလား။ အပစ်အခတ်ရပ်စဲရေး တွေ လက်မှတ်ထိုးထားရင် ငြိမ်းချမ်းရေး ရပြီလား"ဟု ၎င်းကပြောသည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က မိုင်ဂျာယန် ၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် အစိုးရဘက်မှ ဦးဆောင်သူ ဖြစ်သော ၀န်ကြီးဦးအောင်သောင်းအား အဆင့် (၃) ဆင့်ပါဝင်သော ငြိမ်း ချမ်းရေး ပဏာမသဘောတူညီချက်အား ပေးအပ်ခဲ့ ကြောင်း ၎င်းက ပြောသည်။
"ခုထက်ထိ အဲဒီ ပဏာမသဘော တူညီချက်နဲ့ ပတ်သက်ပြီး ဘာတုံ့ပြန်မှုမှ မရသေးဘူး"ဟု ၎င်းက ပြောသည်။
၂၀၁၂ ဇန်န၀ါရီလ ၁၉ ရက်နေ့ရက်စွဲ ဖြင့် ရိုက်နှိပ်ထားသော ထိုသဘောတူညီ ချက်စာတမ်းတွင် 'ပြည်ထောင်စုမြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် ကေအိုင်အေကိုယ်စား လှယ်အဖွဲ့တို့၏ သဘောတူညီချက်' ဟူ၍ ဖော်ပြထားသည်။
စာတမ်းတွင် 'ထာဝရတည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အလို့ငှာ ပင်လုံတွင်ကတိက၀တ်ပြုခဲ့ကြသည့် အမျိုးသား တန်းတူမှု နှင့် တိုင်းရင်း သားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင် ခွင့်များအပေါ် အခြေခံ၍ အလေးအနက် ထားဆွေးနွေးမည်'ဟူ၍ ပါရှိသည်။
ဒုတိယအချက်တွင် ဆွေးနွေးမှုအဆင့် သုံးဆင့်အား ဖော်ပြထားကာ ပထမ အဆင့်တွင် ဆွေးနွေးမှုများ အပြီးတွင် မှန်ကန်သည့် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်ပြောဆိုခြင်းနှင့် မတရားစွပ်စွဲ ခြင်းများအား ရှောင်ကျဉ်ခြင်း၊ ပြဿနာ ဖြစ်ပွားနိုင်သည့်နေရာများရှိ နှစ်ဖက် တပ်များအား ဆုတ်ခွာစေခြင်း၊ နှစ်ဖက် တပ်မှ ဖမ်းဆီးထားသူများအားပြန်လည် လွှတ်ပေးခြင်းတို့အပြင် ဆက်ဆံရေး စခန်းများထားရှိခြင်းတို့ ပါဝင်သည်။
ဒုတိယအဆင့်တွင်မူ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင် များမှ ပင်လုံပုံစံညီလာခံတစ်ရပ် ကျင်းပခြင်း၊ ရရှိလာသော သဘောတူညီချက် အား အတည်ပြုမှတ်တမ်းတင်ခြင်း၊ စစ်ကြောင့် ပျက်စီးသွားသည့်ကျေးရွာ များအား ပြန်လည်တည်ဆောက်ခြင်း အပြင် ဆက်လက်ဆွေးနွေးစရာများ အား ဆွေးနွေးခြင်းတို့ ပါဝင်သည်။
ဒုတိယအဆင့် ဆွေးနွေးမှုတွင် အစိုးရနှင့် ကေအိုင်အေကိုယ်စားလှယ် များသာမက ကျွမ်းကျင်သူများအပြင် ကချင်ပြည်နယ်ရှိ ကချင် လူမျိုးမဟုတ် သူများလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးဂုန်မော်က ပြောသည်။
"ဒုတိယအဆင့် ရောက်ပြီ ဆိုရင် ဘယ်သူမှ လိမ်လို့မရတော့ဘူး။ မရိုးသားတဲ့လူ ကျဆုံးသွားမှာပဲ။ experts တွေပါဝင်တဲ့ အတွက် လည်း ကျွန်တော်တို့ဘက်က နေ အလွန်အကျွံတောင်းဆိုတာမျိုးဆို ရင် ၀င်ပြီး အကြံဉာဏ်တွေဝင်ပေးနိုင် တယ်။ ကျွန်တော်တို့ တောင်းဆိုနေတာ က ဒုတိယအဆင့်ကို ရောက်လာဖို့ပဲ" ဟု ၎င်းက ပြောသည်။
တတိယအဆင့်တွင်မူ ဒုတိယအဆင့် ဆွေးနွေးမှုမှရရှိလာသော သဘောတူညီ မှုအား နိုင်ငံတော်အစိုးရ၊ ပညာရှင်များ နှင့် တာဝန် ပေးခံရသည့်တိုင်းရင်းသား ခေါင်းဆောင်များက အကောင်အထည် ဖော်ခြင်းဟူ၍ပါရှိသည်။
"ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက ရုံးခန်းထဲမှာ ကျွန်တော့ကို 'ခင်ဗျားပြောတာလည်း ဟုတ်သလိုလိုပဲ။ ဒါပေမယ့် တကယ် အကောင်အထည်ဖော်ရင် ဘယ် လောက်ကြာမလဲ။ ၁၅ နှစ်လောက် ကြာမလားလို့မေးတယ်။ ကျွန်တော် ပြန်ပြော လိုက် တယ်။ မကြာပါဘူးလို့။အစိုးရကသာ တကယ်အကောင် အထည်ဖော်ချင်တဲ့ဆန္ဒရှိရင် ငါးနှစ် အတွင်း ပြီးနိုင်တယ်လို့ ပြန်ပြောခဲ့ တယ်"ဟု ဦးဂုန်မော်က ပြောသည်။
"ဖွဲ့စည်းပုံဥပဒေကို အပြင်ကနေ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် လွှတ် တော်ကိုတင်ပြပြီး အားလုံးရဲ့ သဘော တူညီချက်ရရင်တော့ ပြင်ဆင်နိုင်တယ်" ဟု ဦးဂုန်မော်က ပြောသည်။

No comments:

Post a Comment