Saturday, August 4, 2012

ဒလမြို့နယ်တွင်း မုဒိမ်းကျင့်သည်ဟူသော စစ်သည်လေးဦးကို အထူးစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေး

ရန်ကုန်၊ သြဂုတ် ၎
ဒလမြို့နယ်တုံးတင်ကန်မြောက် ကျေးရွာရှိ လယ်ကွင်းအတွင်းနေထိုင် သော အသက် ၂၇ နှစ်အရွယ်အမျိုးသမီး တစ်ဦးကို ဧရာဝတီရေတပ်စခန်းဌာန ချုပ်ရခိုင်ချောင်ရေတပ်လိုင်းခန်း လုံခြုံ ရေးတပ်ခွဲမှ စစ်သည်လေးဦးက မုဒိမ်း ကျင့်သည်ဟု တိုင်းတန်လာသောကြောင့် အဆိုပါဌာနချုပ်က အမှုမှန်ပေါ်ပေါက် ရေးအတွက် အထူးစုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း အဆိုပါစစ်သည် များပါသော တပ်ကိုပြောင်းရွှေ့ပြီး နောက်ယခုလ ၂၃ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာသည့် စစ်သည် ၂၀
ဦးပါ သောလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မုဒိမ်း ကျင့်ခံရသည်ဟု တိုင်ကြားသူ အမျိုးသမီး ၏ အစ်မဖြစ်သူတို့က ဇူလိုင်လ ၂၄ ရက် နေ့က The Voice Weekly သို့ပြော ကြားသည်။
ဒလမြို့နယ် တုံးတင်ကန်မြောက် လယ်ကွင်းတွင် အသက် ၂ရ နှစ်အရွယ် အိမ်ထောင်သည် မ----သည် ငါးနှစ်အရွယ်သမီးဖြစ်သူနှင့်အတူ ဇူလိုင်လ ၁၈ ရက်ည ရနာရီတွင်လယ်တဲ ဈေးဆိုင်သို့ ဈေးဝယ်ပြီးပြန်လာစဉ် ရခိုင်ချောင်ရေတပ်တိုက်လိုင်းခန်းအနီး အရောက်တပ်မတော် (ရေ) စစ်သည် လေးဦးက သားမယားအဖြစ်ပြုကျင့်ခဲ့ ကြောင်း တိုင်ကြားခဲ့သဖြင့်ပျော်ဘွယ် ကြီးရဲစခန်းက (ပ) ၁၆၂/၁၂၊ ပုဒ်မ ၃၇၆-၃၄၂-၃၂၅-၁၁၄ ဖြင့် ဇူလိုင်လ ၂၀ ရက်တွင်အမှုဖွင့်ပြီး အမှုစစ် ရဲအုပ် သိန်းမြင့်ဆွေ (စခမ) က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်။
''ပြဿနာဖြစ်တဲ့တပ်ကို ဌာနချုပ် ကပြန်ခေါ်သွားပြီ၊ ကျွန်တော်တို့ကမနေ့ က မှပြောင်းလာတာ။ အမှုမှန်ပေါ်ဖို့ အထူးစုံစမ်းရေးအဖွဲ့နဲ့စစ်နေပါတယ်'' ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။ ယင်းကျေးရွာတွင် အိမ်ခြေ ၇ရ လုံးရှိ ပြီး အိမ်ခြေ ၅၀ မှာ လယ်ကွင်းထဲတွင် ရှိကြောင်း၊ ၎င်းတို့သည် ကောက်စိုက် ခြင်း၊ ပျိုးကြဲခြင်း၊ ကောက်ရိတ်ခြင်း၊ လယ်စောင့်လုပ်ခြင်းစသောလုပ်ငန်းများ လုပ်ကိုင်ပြီး လယ်သူရင်ငှားများအဖြစ် နေထိုင်ကြကြောင်း တုံးတင်ကန်မြောက် ကျေးရွာနေသူများကပြောကြားသည်။ ''ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးဘူး စစ်တပ်ကခုလိုလုပ်တယ်ဆိုတာ၊ ဒီအမှု မှန်ကန်တယ်ဆိုရင် မလျှော်ပစ်သင့်ဘူး'' ဟု ယင်းကျေးရွာနေအသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကမှတ်ချက်စကား ဆိုသည်။
ယင်းနေရာသည် ဒလမြို့နယ် အတွင်းရှိခနောင်မီးချစ်ကျေးရွာနှင့်တုံးတင် ကန်ရွာကြားတွင်ရှိသော ဗနပ်ချောင်း တွင်ရှိပြီး စစ်တပ်ကတန်းလျားများ ဆောက်လုပ်နေကြောင်း စက်လှေအငှား ဆွဲသူ ၎င်းကဆက်လက်ပြောကြား သည်။
ယင်းနေ့က ဈေးဝယ်ပြန်လာသူ ညီမဖြစ်သူကို တပ်စခန်းမှ ပစ္စည်းခိုးယူ သည်ဟုစွပ်စွဲကာ စစ်သည်လေးဦးက ည ရနာရီတွင် အဆိုပါတပ်စခန်းသို့ လက်ထိပ်ဖြင့်ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ ယင်းနောက်မှ နောက်ရက် ၁၉ ရက်နေ့ညနေ ၅ နာရီတွင် ပြန်လွှတ် ပေးခဲ့ကြောင်း၊ မုဒိမ်းကျင့်ခံရသည်ဟု တိုင်ကြားခဲ့သူ၏ ခဲအိုတော်သူ ဦးအောက်ပါလူးက ပြောကြားသည်။
''ကျွန်မတို့ ၁၉ ရက်နေ့ မနက်က မှသိတာ။ ညီမပါသွားတော့ကလေးတွေ ကလည်း ဘယ်သွားတယ်ဆိုတာမသိ ဘူး။ သူ့ကလေးလာပြောလို့သိတာ။ အဲဒီညကကလေးတွေက တစ်ညလုံး အစားမစားရသေးလို့ငိုကြတယ်။ ကျွန်မ တို့လည်း အဲဒီတော့မှနီးစပ်ရာလိုက်ရှာ ကြတာ။ မျက်မြင်တစ်ယောက်ကပြော လို့ တပ်ကဖမ်းသွားတယ်ဆိုတာသိရ တယ်'' ဟု အစ်မအကြီးဆုံးဖြစ်သူက အဖြစ်အပျက်ကိုပြန်လည်ပြောဆိုသည်။
၎င်းသည်ခင်ပွန်းဖြစ်သူနှင့်ကွဲနေ ပြီး ဒုက္ခရောက်သဖြင့် အစ်မဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားပြီး မိမိတို့နှင့် အတူ လယ်သူရင်းငှားအဖြစ်ဝင်ရောက် လုပ်ကိုင်နေကြောင်း ယင်းနေ့က ဈေး ဝယ်ပြန်ရာမှ ယခုလိုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ''သူအဒေါ့်ဆီဈေးလာမဝယ်တာ ကြာပြီ။ ဟိုတစ်ခေါက်တုန်းက အကြွေး တောင်းလို့ သူမလာတာတော့ကြာပြီ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူကဈေးဝယ်က အပြန်ဖြစ်တယ်လို့ဆိုထားတော့ အဒေါ် တို့ဆီလည်းတပ်ကရော၊ ရဲကရောလာ လာမေးနေတယ်'' စစ်သည်များနှင့် လယ်တွင်းနေသူများဈေးအမြဲဝယ်လျက် ရှိသော ကုန်စုံဆိုင်ပိုင်ရှင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးကဆို သည်။
မ --- ၂ရ နှစ်နှင့် သမီးဖြစ်သူ တို့ သားအမိ နှစ်ဦးဈေးဝယ်ပြန်လာခဲ့ရာ တပ်မတော်ရေမှ စစ်သည်လေးဦးက ''ဟေ့ကောင်မ ခဏရပ်ဦး၊ နင့်ကိုငါတို့ အရာရှိခေါ်နေတယ်လိုက်ခဲ့'' ဟုပြောကာ လက်ဝဲလက်အားလက်ထိပ်ခတ်၍ ခေါ်ဆောင်ကာ သမီးဖြစ်သူကိုနှင်ထုတ် ပြန်လွှတ်ခဲ့ကြောင်း ညီမဖြစ်သူ၏ပြော ဆိုချက်ကိုကိုးကားပြီး အစ်မအကြီးဆုံး ဖြစ်သူက ပြောကြားသည်။
တပ်လိုင်းခန်းသို့ခေါ်ဆောင်လာ စဉ်လယ်ကန်သင်းတစ်ခုအရောက်တွန်း လှဲ၍ ၎င်းတို့လေးဦးက သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့ပြီးနောက် တပ်လိုင်း ထဲရှိ အခန်းထဲထည့်ထားပြီး ည ၉ နာရီ အချိန်၌ အထက်ပါလေးဦးက တစ်ကြိမ် စီထပ်မံ အဓမ္မပြုကျင့်သည်ဟု ရဲတပ်ဖွဲ့ သို့စစ်ချက်ပေးခဲ့ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
ထိုသို့ပြုကျင့်ပြီးနောက် စစ်သည် လေးဦးက နောက်ထပ်လာဦးမည်ဟုဆို ကာ အခန်းအတွင်းမှထွက်သွားစဉ် မ -- သည် အခန်းထဲရှိအုတ်ခဲဖြင့် သော့ ကို ရိုက်ချိုးထွက်ပြေးရာ ၎င်းတို့လေးဦး က လိုက်လံဖမ်းဆီးပြီး ခြေလက်တို့ အား ကြိုးဖြင့်ချည်၍တပ်လိုင်းခန်းသို့ ပြန်ခေါ်ဆောင်ကာ အဆိုပါလေးဦးထဲမှ တစ်ဦးကသားမယားအဖြစ်တတိယ အကြိမ်ပြုကျင့်ခဲ့သည်ဟု ၎င်းကဆို သည်။
ဇူလိုင်လ ၁၉ ရက်တွင် ကြိုးဖြေ ပေးခဲ့ကာ ထိုလေးဦး၏အထက်အရာရှိ ကို အမျိုးသမီးကဖြစ်စဉ်ကို တိုင်ကြား ခဲ့သည်။ ထိုအရာရှိက သူမကို လိမ်သည် ဟုဆိုကာ အနီးရှိ ဝါးလုံးတုတ်ဖြင့် ရိုက် နှက်ပြန်သည်။ ယင်းအပြင် အဓမ္မပြုကျင့် ရာတွင် ပါဝင်သူတစ်ဦးက ဒူးဖြင့် မျက်နှာအားတိုက်ခြင်း၊ ရိုက်နှက်ခြင်း တို့ပြုလုပ်ကာ မ-- ကိုနေအိမ်သို့ပြန် ပို့ခဲ့ကြောင်း မိသားစုဝင်များကပြော ကြားသည်။
ယင်းသို့ပြန်ပို့နေစဉ် နေအိမ်တဲအနီး ရှိ လူလေးဦးက တွေ့မြင်ခဲ့ကြောင်း၊ ၎င်း နောက်ဖြစ်စဉ်ကို တုံးတင်ကန်မြောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ ပြီး ပျော်ဘွယ်ကြီး ရဲစခန်းသို့လည်း တိုင် ကြားပြီးနောက် မ-- သည် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသ မှုခံယူခဲ့ကြောင်း မိသားစုဝင်များထံက စုံစမ်းသိရှိရသည်။
''သူတို့နဲ့အဒေါ်တို့က ဘာအမျိုး မှတော်တာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန်တော့ဖြစ်စေချင်တယ်။ သိရသလောက်တော့သူတို့ မိသားစုတွေက မကောင်းတဲ့စရိုက်လည်း မရှိဘူး။ လူလည်းကြောက်တတ်တယ်။ နုံနုံနဲနဲလေးတွေပါ'' ဟု တုံးတင်ကင် မြောက် ကျေးရွာနေသူ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကဆို သည်။
from -https://www.facebook.com/thevoiceweekly

No comments:

Post a Comment