Monday, August 6, 2012

ပီအာ-လား တပ်ပေါင်းစု-လား ပိုနေမြဲ၊ ကျားနေမြဲ-လား [ ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ]- ကျော်ဝင်း

 From - စာရေးဆရာ ကျော်ဝင်း၏ Facebook  

ပီအာ-လားတပ်ပေါင်းစု-လားပိုနေမြဲ၊ကျားနေမြဲ-လား[ဘးမှရပ်ကြည့်သူတစ်ဦး၏ထင်မြင်ချက်များ]
  • စကားပလ္လင်
အခုတလော၊ စာရေးသူထံသို့၊ ပြည်တွင်း ပြည်ပမီဒီယာအချို့မှ၊ လူကိုယ်တိုင်ရော၊ တယ်လီဖုန်းဖြင့်ပါ၊ ဆက်သွယ်မေးမြန်းလာသည်များရှိသည်။ ‘ပီအာ-ဆိုတာ ဘာလဲ’၊ ‘ဘာ့ကြောင့် ပီအာ လဲ’၊ ‘ပီအာနဲ့မြန်မာ့နိုင်ငံရေး စရွေးကိုက်ပါ့မလား…’ စသဖြင့် ။ ပြောရလျင် စာရေးသူ မဖြေချင်သောမေးခွန်းများဖြစ်ပါသည်။


ဒါကလည်း အကြောင်းရှိသည်။ စာရေးသူလေးစားတန်ဖိုးထားသော၊ (တစ်နည်း) လက်ရှိ နိုင်ငံရေး အရွေ့ရောက်အောင်တွန်းတင်ခဲ့ကြသည့် အင်အားစုများထဲတွင်၊ အဓိကအခန်းမှ ပါဝင်သည်ဟု စာရေးသူ ယူဆသော၊ နိုင်ငံရေးပါတီများ (ပို၍တိတိကျကျဆိုရလျင်) ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများနှင့် ပတ်သက်နေ၍ဖြစ်သည်။ ဤပါတီများ၏အနေအထားနှင့် အခက်အခဲကို၊ စာရေးသူ စာနာနိုင်သည်။ သူတို့စေတနာကိုလည်း ယုံကြည်သည်။ သို့အတွက်၊ သူတို့အဆိုပြုလာသော ပီအာ ကိစ္စကို နှာစေးနေဖို့ပင်ဆုံးဖြတ်ထားသည်။

သို့တစေ- ယခုအခါ ပီအာ အရေးမှာ၊ မြန်မာ့နိုင်ငံရေးအနာဂတ်အတွက်၊ အရေးကြီးသော ဒီဘိတ်ကြီးတစ်ခု ဖြစ်လာလေမည်လား- စဉ်းစားမိ၍၊ ယခုစာစုကို ရေးပါသည်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ မိတ်ဆွေများနှင့် တာဝန်ရှိသူများ၊ ထည့်သွင်းစဉ်းစားလိုပါက၊ စဉ်းစားနိုင်ရန် မိမိဥာဏ်မီသမျှ၊ ထင်မြင်ချက်အချို့ကိုတင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း……။

  • ဘာလဲ - ‘ပီအာ’
(သမိုင်းကြောင်း)

‘ပီအာ’ ဆိုသည်မှာ Proportional Representation ဆိုသည်ကို အတိုကောက်ယူထားခြင်းဖြစ်သည်။ အနီးစပ်ဆုံး မြန်မာမှုပြုရလျှင် ‘အချိုးကျကိုယ်စားပြုစနစ်’  ဟုဆိုနိုင်ပါလိမ့်မည်။ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျခွဲဝေယူရမည့်- စနစ်ဟု နားလည်ရပါသည်။ အဘိဓ္ဓာန်ဖွင့်ဆိုချက်အတိုင်း အတိအကျဖော်ပြရလျှင် ယခုလို…။ ‘electoral system designed to produce legislative bodies in which the number of seats held by each group or party is proportional to the number of votes cast for….’

လက်လှမ်းမီသမျှ သမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ်အကြောင်း စတင်စဉ်းစားခဲ့ကြသည်ဟု သိရပါသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုရပ် မီး(လ)က၊ စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ်အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ ‘မဲအများဆုံးရသူကအနိုင်ရသည့်စနစ်’ (First Past the Post)- အတိုကောက် FPTP စနစ်၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ FPTP စနစ်မှာ၊ ‘ပေါက်သူအကုန်ယူ ’(Winner takes all) သဘောဖြစ်ရာ၊ ‘အများစုနှင့် ဗိုလ်ကျသည်မျိုး’ (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ၊ ‘ဘေးရောက်သွားနိုင်’ (marginalized) သောကြောင့်၊ ပီအာစနစ်ကို အဆိုပြုလာသည် ဟုဆိုပါသည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ၊ ဒိန်းမတ်နိုင်ငံဖြစ်သည်။ (၁၈၅၅) ထိုသည်၏နောက်တွင်မူ၊ လူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဍန်စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန် (၁၈၉၁) ၊ ဘယ်(လ)ဂျီယံ (၁၈၉၉) ၊ ဖင်လန် (၁၉၀၆) စသည်တို့ဖြစ်ပါသည်။ လူမျိုးစု- လူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသော နိုင်ငံများအတွက်၊ ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု ပညာရှင်များက အမှတ်ပေးကြပါသည်။ သို့နှင့်တိုင်၊ ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့သော ဂျာမန် ဝိုင်မာ သမ္မတနိုင်ငံတွင်၊ ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှ၊ ဟစ်တလာ၏ နာဇီပါတီအာဏာရလာသော သမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကို အကြောင်းခံ၍ ‘ပီအာစနစ်၏ အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည်’ ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိပါသည်။ သို့နှင့်အမျှ၊ နောက်ပိုင်းတွင် FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ ‘တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်’ (Semi-Proportional System) ဟုခေါ်ပါသည်။

  • ဘာကြောင့် - ‘ပီအာ’
(သတင်းအဆက်အစပ်)

‘မြန်မာ့နိုင်ငံရေးတွင်၊ ဘာကြောင့် ‘ပီအာ’ အကြောင်းပြောလာကြပါသနည်း’… ။ ဤမေးခွန်းကိုဖြေဖို့ စာရေးသူက သတင်းတွေကို ‘စဉ်’ ကြည့်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီးသုံးသပ်ချက်များ၊ ထို့နောက် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သြစတြေလျခရီးစဉ်…၊ နောက် အဆိုပါ ပါတီများနှင့် သမ္မတကြီး၏ နေပြည်တော် လယ်တောအိမ်တွေ့ဆုံပွဲ…၊ ယခုနောက်ဆုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ …။ ဇာတ်၏အစမှာ၊ ကြားဖြတ်ရွေးကောက်ပွဲဟု ထင်သည်။

အားလုံးသိကြသည့်အတိုင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်၊ ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) က၊ နေရာအားလုံးလောက်ဝင်ပြိုင်သည်။ ပြောရလျှင်၊ လူမျိုးစုပါတီများရှိရာ မဲဆန္ဒနယ်များကိုပင် မရှောင်။ ပြိုင်သလောက်လည်းနိုင်သည်။ (ကျားဖြူ-ပါတီ တစ်နေရာမှလွဲ၍) NLD အတွက်တော့ အောင်ပွဲပင်။ ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးအတွက်တော့ မကောင်း…။ အထူးသဖြင့် လူမျိုးစုပါတီများ။ (ဤအလားအလာကို တွက်ဆမိ၍၊ ရွေးကောက်ပွဲ အကြိုကာလကပင်၊ စာရေးသူသတိပေးရေးသားဖူးပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ထုတ် The Voice ဂျာနယ်ပါ- “လမ်းစပေါ်ပြီ-မြူတွေဆိုင်းဆဲ” ဆောင်းပါး…။ ရှိစေတော့)

ချုပ်လိုက်လျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ၊ လူမျိုးစုပါတီများ အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ (တစ်နည်း-ဒီမိုကရက်တစ် အင်အားစုများ) အတွက်၊ ဘေးဖယ်ခံရမည့် အန္တရာယ်ကြီးဖြစ်လာရတော့သည်။ ဤတွင်- သူတို့အနေနှင့် ‘ပီအာ’ ကို စဉ်းစားလာကြသည်မှာ၊ သဘာဝကျသည်ဟုထင်သည်။ မိမိကိုယ်တိုင်ဆိုင်လျှင်လည်း၊ ဤအတိုင်းပင် စဉ်းစားမိပါလိမ့်မည်။ သို့သော်- မိမိမှာ နိုင်ငံရေးသမားမဟုတ်။ မည်သည့်ပါတီဝင်မှလည်း မဟုတ်။ စာရေးသူ (တစ်နည်း-မီဒီယာ-သမား) ပင်ဖြစ်ရာ၊ အချစ်-အမုန်းများဖြင့် ပြဿနာကို ချဉ်းကပ်ဖို့မသင့်။ မိမိထင်မြင်ချက်ကို အရင်းအတိုင်းပြောဖို့တာဝန်ရှိသည်ဟု ယူဆသည်။ ခံယူသည်။

  •  ထင်မြင်ချက် (၁)
(သုံးချက်)

အားလုံးသိကြသည့်အတိုင်း၊ မြန်မာနိုင်ငံမှာ၊ လူမျိုးစုများစွာ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီးဖြစ်သည်။ လူမျိုးစုနိုင်ငံရေးပါတီများလည်း မနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏အရေးမှာ၊ မြန်မာ့နိုင်ငံရေး (တစ်နည်း- မြန်မာ့ဒီမိုကရေစီရေး) ၏အသည်းနှလုံးနေရာတွင် ရှိသည်ဟုလည်း စာရေးသူနားလည်ထားသည်။ ထို့ထက် မြန်မာပြည်တွင်၊ နိုင်ငံရေးပါတီတွေအတော်များသည်။ ဒါကလည်း သဘာဝကျသည်။ ကာလတာရှည် ဒီမိုကရေစီနှင့် ဝေးနေသော လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့်၊ ဒီမိုကရေစီတာထွက်တွင် ပါတီတွေ များတတ်သည်မှာ၊ သဘာဝပင်ဖြစ်သည်။ ပိုအရေးကြီးသည်မှာ၊ အဆိုပါ-ပါတီအားလုံးလောက်မှာလည်း ဒီမိုကရေစီအင်အားစုများ ဖြစ်နေခြင်းပင်။

သို့အတွက်၊ ပါတီငယ်လေးများ၏ ပြောရေးဆိုခွင့်ကို ပိုမိုအာမခံချက်ပေးနိုင်လိမ့်မည်ဟု ယူဆရသော၊ ပီအာစနစ်မှာ၊ ရေရှည်တွင် မြန်မာ့လူအဖွဲ့အစည်းနှင့် ပိုစရွေးကိုက်လိမ့်မည်ဟု သဘောရပါသည်။ သို့နှင့်တိုင်၊ ယခုလောလောဆယ်တွင်မူ၊ ထည့်သွင်းစဉ်းစားစရာများရှိသလောက် ရှိလိမ့်မည်ထင်သည်။ စာရေးသူစဉ်းစားမိသလောက်၊ အနည်းဆုံး ‘သုံးချက်’ ကိုတင်ပြလိုပါသည်။

၁။       ပီအာစနစ် လက်တွေ့ကျင့်သုံးကြသောနိုင်ငံများ၏ အတွေ့အကြုံအရ၊ ဤစနစ်၏ လုပ်ထုံးလုပ်နည်းများမှာ၊ ရှုပ်ထွေးသည်နှင့်အမျှ၊ လက်ပေါက်စိပ်သည်ဟု သိရပါသည်။ တစ်စုံတရာရင့်ကျက်ပြီး၊ ဒီမိုကရေစီနိုင်ငံများအတွက်ကိစ္စမရှိ။ မြန်မာနိုင်ငံလို၊ သက်တမ်းအရရော၊ အတွေ့အကြုံအရပါ နုနယ်သေးသော အနေအထားနှင့်၊ လက်တွေ့ပြဿနာရှိနိုင် မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင်၊ ဤစနစ်ကို ကျင့်သုံးမည်ဆိုပါက၊ (စွမ်းဆောင်ရည် အရရော၊ မရိုးသားမှုများကြောင့်ပါ) အားနည်းချို့ယွင်းချက်များရှိလာနိုင်ပါသည်။

၂။       ပီအာစနစ်မှာ၊ မြန်မာ့လူမှုနိုင်ငံရေးဓလေ့ (တစ်နည်း- မြန်မာတို့၏စိတ်အခံ) နှင့် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားဖို့လိုမည်ထင်သည်။ မြန်မာ့ဓလေ့က အကွဲအပြဲအားသန်သည်။ ပါတီများစွာမဆိုနှင့်၊ ပါတီတစ်ခုထဲမှာပင် ကွဲတတ်သည်။ ကွဲလေ့ရှိသည်။ ထို့ထက် ‘သူဖြူလျှင်-ငါမဲမည်’ ဆိုသော စစ်အေးလောဂျစ်ကလည်း စွဲစွဲခိုင်ခိုင်ရှိနေသည်။ ပီအာစနစ်က နိုင်ငံရေးပါတီများညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ၊ ‘ဘုံတူညီချက်’ (Common ground) ရှာဖို့ခက်လိမ့်မည်ထင်သည်။

၃။       ပီအာစနစ်၏ လွှတ်တော်တွင်၊ နိုင်ငံရေးပါတီတော်တော်များများ အချိုးကျပါဝင်ခွင့် ရကြမည်ဖြစ်ရာ၊ အရေးကြီးသောဆုံးဖြတ်ချက်များ (ဥပမာ-ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး) ချမှတ်နိုင်ရန်၊ လုံလောက်သည့် ၇၅% ရဖို့မလွယ်ဟု စဉ်းစားမိသည်။ ဤသို့ဆိုလျှင်၊ မြန်မာ့ဒီမိုကရေစီရေးမှာ၊ ရှေ့မတိုး နောက်မဆုတ်၊ ‘အီလည်တန့်ခံမှု’ နှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော် မျှော်တိုင်းဝေးပင် ဖြစ်သွားနိုင်သည်။
          ဤသို့ဆိုသည်နှင့် ‘ပီအာ’ ကို ဆန့်ကျင်သည်မဟုတ်ပါ။ ရေရှည်အတွက်ကောင်းနိုင်ပါသည်။ ရေတိုတွင်မူ၊ စဉ်းစားစရာများရှိလိမ့်မည်ထင်သည်။ အထူးသဖြင့် ဆိုခဲ့ပါ၊ တတိယအချက်ကို အလေးထားစဉ်းစားပေးစေချင်ပါသည်။

  •  ထင်မြင်ချက် (၂)
(တပ်ပေါင်းစုလမ်းကြောင်း)

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး၊ စာရေးသူစဉ်းစားထားသည်က၊ တစ်မျိုးဖြစ်သည်။ စာရေးသူမှာ၊ နိုင်ငံတကာအိုင်ဒီယာရေစီးများနှင့် မိတ်ဆက်ပေးနေသူ ဖြစ်သည့်တိုင်၊ မြန်မာ့အရေးနှင့် ပတ်သက်လျှင်မူ၊ မိမိနိုင်ငံ၏ ပကတိအရှိမှ စတင်လိုသည်။ စာရေးသူအမြင်၊ မြန်မာ့နိုင်ငံရေး ရွှေခေတ်မှာ၊ ဖက်ဆစ်တော်လှန်ရေးအကြိုကာလက စတင်ခဲ့သော၊ လွတ်လပ်ရေးကြိုးပမ်းမှုနှစ်များဟု ယူဆသည်။ ဤကာလအတွင်းရွေးချယ်ခဲ့ကြသည်မှာ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းဟု သဘောရပါသည်။

ဗိုလ်ချုပ်ဦးဆောင်မှုဖြင့်၊ လက်ဝဲညီညွတ်ရေးအခြေခံကား လွတ်လပ်ရေးအရယူပေးခဲ့သလို၊ စာရေးသူတို့ခေတ်တွင်လည်း ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးကို အခြေခံကာ၊  ဒီမိုကရေစီအရယူပေးစေချင်သည်။ (သမီးဗိုလ်ချုပ်နှင့် ပတ်သက်သောစာရေးသူ၏ မျှော်လင့်ချက်မှာ၊ ဒါပဲဖြစ်သည်။) ဤသို့ဖြစ်ဖို့ဆိုလျှင်၊ ‘တစ်ဦးချင်း လျှောက်လွှာတင်’ ဆိုသော သ္ခင်စိုးလမ်းကြောင်းအတိုင်းလိုက်လို့မဖြစ်။ ‘လက်တွဲနိုင်သမျှ အင်အားစုအားလုံးနှင့် လက်တွဲမည်’ ဆိုသော ဗိုလ်ချုပ် လမ်းကြောင်း၊ တစ်နည်း၊ တပ်ပေါင်းစုလမ်းကြောင်းနှင့် မှဖြစ်လိမ့်မည်ဟုဆင်ခြင်မိသည်။

ပီအာဖြစ်စေ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤနှစ်ခုပေါင်းစပ်၍ဖြစ်စေ…၊ မည်သည့် စနစ်နှင့် သွားသွား တပ်ပေါင်းစုနိုင်ငံရေး စိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည် ထင်သည်။ နိုင်ငံရေးပါတီအသီးသီးမှ မိတ်ဆွေများနှင့် ဆုံတိုင်းလည်း၊ ဤအမြင် ဤအတွေးကိုပင် ပြောဖြစ်ခဲ့ပါသည်။ သို့တစေ၊ သူတို့က စိတ်ဝင်စားကြဟန်မရှိ။ ဘာတွေအရေးကြီးနေသည်မသိ။ ‘အချိန်မပေးနိုင်’ ဟုဆိုသူကဆိုသည်။ ဆရာဗန်းမော်တင်အောင် စကားနှင့်ဆိုရလျင် “ကျွန်တော်ကကော၊ ဘာများတတ်နိုင်ပါဦးမည်နည်း….။ ”

ကျော်ဝင်း
၂၉၊ ဇူလိုင်၊ ၂၀၁၂

No comments:

Post a Comment