Monday, August 20, 2012

သမ္မတ ဦးသိန်းစိန်၏ လယ်တောအိမ် အကြောင်း ရေးဖွဲ့ထားသော " သမိုင်းဝင်နေရာလေး မှသည် တူညီပန်းတိုင်သို "့

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက ၅ဝဝ စိုက်ခင်းရှိ အစည်းအဝေး ခန်းမတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ပြည်တွင်း ၁ဝ ပါတီ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပါသည်။ ထပ်မံ၍ တိုင်းရင်းသား ပါတီများနှင့်လည်း တွေ့ဆုံခဲ့ ပြန်ပါ သည်။ တွေ့ဆုံပွဲ နှစ်ခုလုံးသည် နွေးနွေးထွေးထွေး ရှိလှသလို ပွင့်ပွင့်လင်းလင်းလည်း ရှိလှပါ၏။ နိုင်ငံကို ဦးဆောင်နေသော သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် ဟိတ်ဟန် မရှိသလို အစည်းအဝေး ပြုလုပ်ရာနေရာ သည်လည်း
ခန်းမဟုသာ ဆိုရသော် လည်း ခန်းမတစ်ခု၏ အသွင်အပြင်မျိုး မရှိလှဘဲ ရိုးစင်းသော နေရာလေးမျှသာ ဖြစ်သည်။

လယ်တောက အိမ်ကလေး
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပါတီများ နားလည်မှု ပိုရှိ လာစေသည့် ထိုနေရာလေးသည် မြန်မာနိုင်ငံ ၏ ခေတ်သစ် သမိုင်း အပြောင်းအလဲတွင် တစ်ချိန်၌ သမိုင်းတွင် ကျန်ရစ်မည့် နေရာ ဖြစ်ပါ၏။ ကျွန် တော်တို့က “လယ်တောအိမ်” ဟု ခေါ်ကြသည်။ လယ်တောအိမ်ဟု ဆိုသည့်အတိုင်း ဝင်လမ်းလေး တစ်ခု သာရှိသော ညာဘက်က တစ်ထပ် အဆောက်အဦလေးသာ ဖြစ်ပြီး ရိုးစင်းလှသော တန်းလျားလေးမျှသာ ဖြစ်ပါ သည်။ သာမန် သစ်သား စားပွဲခုံများဖြင့် ဆက်ထားသော သာမန် လက်တင်ထိုင်ခုံများဖြင့်သာ ခင်းကျင်းထား သော မည်ကာမတ္တ အဖြစ် အစည်းအဝေးခန်း မျှသာဖြစ်၏။ ကိုယ်တိုင် ရိုးစင်းခြိုးခြံလှသော သမ္မတကြီး၏ လက္ခဏာစရိုက် အတိုင်း ထိုလယ်တောအိမ်သည် ဘာမှမရှိ ရိုးစင်းစွာသာ ရှိနေပါ၏။

စာတွေထဲ ဖတ်ရသော ဒေးဗစ် စခန်း( David Camp )နှင့် ဘာမှမဆိုင်၊ ဒေးဗစ်စခန်းက တောအုပ်ထူထူထဲတွင် သီးခြားကမ္ဘာလေး ကဲ့သို့ ဖန်တီး တည်ဆောက် ထားပြီး အမေရိကန် သမ္မတ၏ အပန်းဖြေရာ စခန်းတစ်ခု ဖြစ်သည်။ လိုချင်တာ အကုန်ရနိုင်ပြီး CCTV ကင်မရာများ နေရာအနှံ့တွင် တပ်ဆင်ထားသည်။ အစောင့်အကြပ် ထူထပ်စွာ ချထားပြီး တစ်ကမ္ဘာလုံးသို့ ထိုနေရာမှ ဆက်သွယ်နိုင်သည်။ ရေကူးကန်၊ ရုပ်ရှင်ရုံခန်းမတို့ ရှိသည်။ သမ္မတ၏ မိသားစု၊ ထိပ်တန်းဝင် ဧည့်သည်များဖြင့် နေ့လယ်စာ၊ ညစာ စားနိုင်သော ခန်းမကျယ်ကြီးများရှိ သည်။ အားကစား လေ့ကျင့်ခန်း နေရာများ ရှိသည်။ ရုပ်ရှင်ရုံ အသေးလေးလည်း ရှိသည်။
ပုဗ္ဗသီရိက သမ္မတကြီး၏ လယ်တောအိမ်မှာ ဘာမှမရှိ၊ TV တစ်လုံးမျှကိုပင် မမြင်ခဲ့ချေ။ ဘေးဝဲယာအားလုံးမှာ စိုက်ခင်းများဖြင့်သာ ပြည့်နှက်နေပြီး ကပ်လျက်တွင် စတိုခန်းလေး တစ်ခုသာ ရှိနေပါသည်။ ကားလမ်းပင်လျှင် ကတ္တရာလမ်း အဆင့် မဟုတ်ချေ။ ရေကူးကန် မပြောနှင့်၊ သောက်ရေအိုး ကောင်းကောင်းပင် မရှိရှာသော နေရာ ဖြစ်၏။ သို့သော်လည်း ထိုလယ်တောအိမ် ကလေးမှာ သမ္မတကြီးအနေဖြင့် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့ပြီး နွေးထွေးသော၊ ပွင့်လင်းရင်းနှီးသော နားလည်မှုများကို တည်ဆောက်နိုင်သော သမိုင်းဝင် တွေ့ဆုံမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ရိုးစင်းသော သမ္မတ၊ ရိုးစင်းသော သာမန် နေရာလေးတွင် နိုင်ငံ၏ ကြီးမားသော အမှတ်ထင်ထင် တွေ့ဆုံမှုများကို ပြုလုပ်ခဲ့ပါသည်။
အစိုးရကောင်း
အစိုးရသစ် တက်လာပြီး Good Goverment ကို ဦးစွာပြောခဲ့ပါသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတိုင်းသည် သင့်လျော်သော အချိန်တစ်ခုခုတွင်   ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်၊ မွမ်းမံမှုကို ပြုလုပ်ရစမြဲ ဖြစ်ပါ၏။ ဆယ်စုနှစ် တစ်ခုစာမျှကို ထိတွေ့ခွင့် မရနိုင်ပါ ဟု ဆိုခဲ့သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသားများ၏ အကျိုး၊ နိုင်ငံရေး ပါတီများ၏ အကျိုး ကို ရည်မျှော်၍ မည်သူမျှ မမျှော်လင့်ခဲ့သော “လ”သားအရွယ်တွင် ပြန်လည် ပြင်ဆင်ပေးနိုင်ခဲ့ခြင်းသည် အစိုးရသစ်၏ စေတနာ၊ သမ္မတသစ် ၏ စေတနာအမှန်ကို ကောင်းစွာ ထင်ဟပ်စေသည် ဖြစ်ပါ၏။ နှစ်ပေါင်း ၂ဝ ကျော်မျှ အကျပ်အတည်း၊ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေခဲ့သော၊ မြန်မာ့နိုင်ငံရေးသည် အစိုးရသစ် လက်ထက်  နှစ်ဝက်မျှ မရှိသောအချိန်တွင် တစ်ကမ္ဘာလုံး အံ့သြမှင်သက်အောင် ပြေလည်ခဲ့ပါသည်။ နှစ် ၂ဝ ကျော် ကာလ အတွင်း တွေ့ဆုံဆွေးနွေးရေး (Dialogue)၊ စေ့စပ်ညှိနှိုင်းရေး (Compromise)ကို ကျွန်တော်တို့ အကြိမ်ပေါင်း များစွာ အချိန်နှင့်အမျှ ကြားနေ၊ စိတ်ပူနေခဲ့ရသည်ကို ပြန်လည်၍ အမှတ်ရနိုင်ကြမည်ဟု ထင်သည်။ ထို Dialogue နှင့် Compromise ဟူသော အခြေအနေသည် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နာရီအနည်းငယ်မျှ အတွင်း ကောင်းစွာ ကျော်လွှား ဖြေရှင်းနိုင်ခဲ့သည် ဖြစ်၍ ယနေ့ ထိုသို့သော စကားလုံး နှစ်လုံးကို လူအများက အမှတ်ထင်ထင်ပင် ရှိကြတော့မည် မဟုတ်ပါ။
မူဂါဘီနှင့် ချန်ဂရွိုင်းတို့သည် Dialogue အတွက် နှစ်များစွာ အချိန်ယူခဲ့ရ၏။ Compromise အတွက် ကာလရှည်ကို ဖြတ်သန်းခဲ့ရ၏။ ပေးဆပ်မှု များစွာ၊ အရင်းအနှီး များစွာ ပြုကြခဲ့သည့် တိုင်အောင် ကောင်းစွာ အဆင်ပြေ တတ်သေးသည် မဟုတ်သေး။ နှစ်ဖက်လုံး Political Will ကို မျှခြေ မပြုနိုင်သောကြောင့် ဖြစ် သည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၌ သမ္မတကြီး ဦးသိန်းစိန်၏ ရိုးသား ပွင့်လင်းမှုနှင့် စေတနာကို အခြေခံ သော နိုင်ငံရေး ဆန္ဒ၊ မျှခြေပြုရန် လုံလောက်သော နိုင်ငံရေး ဆန္ဒတို့ကြောင့် အားလုံး အံ့အားသင့်သွားစေ သည် အထိ တိုးတက်မှုတို့ကို ရစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အကြီးမားဆုံးသော အကျပ်အတည်းနှင့် စိန်ခေါ် မှုဖြစ်ခဲ့သည့် နိုင်ငံရေး အခက်အခဲ မည်မျှပြေလည်သွားခဲ့ပြီကို လွှတ်တော်ထဲ၌ ပါတီများ ကိုယ်စားပြု လွှတ်တော် အမတ်များကို ကြည့်ရင်းဖြင့်ပင် သိနိုင်သည့် အနေအထား ဖြစ်ခဲ့ရပါပြီ။
အစိုးရကောင်း ဖြစ်ရန် ဆောင်ရွက်သွားပါမည်ဟု လွန်ခဲ့သောနှစ်က ပေးခဲ့သည့် ကတိအား အချိန်ကာလ တစ်ခုကို ဖြတ်ကျော်ပြီးသော အချိန်တွင် ဖြည့်ဆည်းပေးခဲ့သော သမ္မတ၏ သမိုင်းဝင် ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါသည်။    နောက်စိန်ခေါ်မှုတစ်ခုမှာ လက်နက်ကိုင် တိုင်းရင်းသားများ အဖွဲ့ဖြစ်သည်။ နိုင်ငံရေး ပါတီများနှင့် ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည် စည်းရုံးရေးကို ကောင်းစွာ အကောင်အထည် ဖော်နိုင်ခဲ့သော သမ္မတကြီး သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်ထဲ ရောက်ရှိရေးအတွက် လည်း မအိပ်မနေ ကြိုးစားခဲ့ပါသည်။ များစွာမျှတ၊ လက်ခံနိုင်ဖွယ်ရာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကမ်းလှမ်းချက် များကို အလားတူ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ ဖြတ်သန်းခဲ့ရသော အခက်အခဲများမှ နမူနာထုတ် ယူ၍ အမျှတဆုံး၊ လက်ခံနိုင်မှု အရှိဆုံး ဖြစ်အောင် ကြိုးစားခဲ့ပြန်ပါသည်။ အကျိုးရလဒ်အနေဖြင့် လက်နက်ကိုင် ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့ဖြင့် ပဏာမ သဘောတူညီချက်များကို ရရှိထားနိုင်ခဲ့သည်။
မည်သည့် အစိုးရ တက်တက် ကောင်းမွေကိုသာ ထားရစ်လိုသော သမ္မတ၏ စေတနာ အရင်းခံကြောင့် ထာဝရ ငြိမ်းချမ်းရေးကိုသာ ရှေ့ရှုသည့် ဆောင်ရွက်ကြိုးပမ်းမှု ဖြစ်သဖြင့် လုံ့လ စိုက်ထုတ်မှုတို့ များစွာပိုခဲ့ရကြောင်း တွေ့ရသည်။ သာမန်ငြိမ်းချမ်းရေးထက် ပိုမိုလွန်ကဲကာ ထိုဒေသများ၏ ဖွံ့ဖြိုးရေးနှင့် လူမျိုးစုတို့ တိုးတက်ရေး အစီအစဉ်များပါ ပါဝင်သော Peace Process ဖြစ်ပါသည်။
တုံ့ပြန်မှုကောင်းတွေ ကြားရ
ပထမဦးဆုံး သမ္မတကြီးနှင့် တွေ့ဆုံခဲ့သော နိုင်ငံရေး ၁ဝ ပါတီ၏ တွေ့ဆုံပွဲအပြီး တုံ့ပြန်မှုများမှာ များစွာ အပေါင်း လက္ခဏာ ဆောင်ကြောင်း တွေ့ရပါသည်။ သမ္မတကြီး၏ ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးဆန္ဒနှင့် စေတနာ စစ်မှန်သောကြောင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များမှ လိုလားစွာ ဝမ်းသာအယ်လဲ ဖြစ်ကြရပါ သည်။ တဖန် ထပ်မံ၍ တိုင်းရင်းသား ပါတီနှင့် တွေ့ဆုံမှုအပြီးတွင်လည်း အပေါင်းလက္ခဏာ ဆောင်သော တုံ့ပြန်မှုများကို ချက်ချင်း ကြားလိုက်ရပြန်သည်။
“ရိုးသားတယ်ဗျာ၊ ပွင့်လင်းတယ်ဗျာ”
“ဘာမှ အဆီးအတား မရှိဘူး၊ ပြောချင်တာ ပြောလို့ရတယ်”
ဤမှတ်ချက်များ၏ နောက်ကွယ် ရလဒ်၊ သို့မဟုတ် အနာဂတ် ဖြစ်ပေါ်လာမည့် ရလဒ်များကို မှန်းဆနိုင်မည် ဖြစ်ပါသည်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ စေတနာ မှန်ကန်မှုသည် သမ္မတကြီး ဦးသိန်းစိန်၏ ထင်ရှားသော စရိုက်နှင့် လက္ခဏာများသာ ဖြစ်ပါသည်။ ဤအတွက်လည်း သမ္မတ သက်တမ်း လွန်စွာနုစဉ်ကာလထဲမှပင် Charisma ဟုခေါ်သော အများကို ဆွဲဆောင်နိုင်သည့် ချစ်ခင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း တိုင်းရင်းသား လူမျိုးတွင်းမှာပင် မဟုတ်ပါ။ သမ္မတကြီးနှင့် တွေ့ဆုံပြီးသော သံတမန်များ၊ အဖွဲ့အစည်းများ၊ အင်တာဗျူး မေးခဲ့ကြသူ များပင်လျှင် သမ္မတကြီးနှင့် နာရီ အနည်းငယ် စကားပြောခွင့်ရပြီးသည့် နောက် သမ္မတကြီးအပေါ် ယုံကြည် ချစ်ခင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည်ကို    တွေ့ခဲ့ရပါသည်။
“အားလုံးဟာ တကယ်တော့ ညီအစ်ကိုမောင်နှမတွေပဲကွာ။အကြောင်း အမျိုးမျိုးကြောင့် အမြင် မတူဘဲ ကွဲပြား ခြားနားနေကြတာပါ။”
ရင်းမြစ်ကို ရှာဖွေနိုင်သည့် စကားပါ။
“လက်နက်ကိုင်ပြီး ဖြေရှင်းလို့ ပြေလည်သွားတာ ကမ္ဘာ့သမိုင်းမှာရော၊ မြန်မာ့သမိုင်းမှာရော မရှိပါဘူး။ ငါလည်း မယုံကြည်ဘူး”။ သမ္မတကြီး၏ ငြိမ်းချမ်းရေးနည်းဖြင့် ဖြေရှင်းလိုသည့် စိတ်ဆန္ဒကို ထင်ဟပ်စေသော လမ်းညွန်မှုများ ဖြစ်ပါသည်။
ရိုးသားသော သမ္မတကြီးသည် သမ္မတရုံးတွင် ခမ်းနားမှုဖြင့် ပြီးသော တွေ့ဆုံမှုများထက် ထိုသော လယ်တောအိမ်လေးတွင် တွေ့ဆုံရသည်ကို ပို၍ နှစ်သက်ဟန် ရှိသည်။ လယ်တော အိမ်ကလေးတွင် ရေနွေး ကြမ်း တစ်ကျိုက်သောက်၍ ပွင့်လင်းစွာ ဆွေးနွေးမှုကို ပို၍ သဘောကျဟန်လည်း ရှိသည်။
ငွေကြေးချမ်းသာမှု ဘာမှ မယ်မယ်ရရ မရှိသော သမ္မတ၊ အဆောင်အယောင် သြဇာအာဏာကို ဘာမှန်း မသိသော သမ္မတ၊ သူ့စိတ်ထဲ သူ့ အသွေးအသားထဲတွင် သူတာဝန် ရှိသည့် ကာလအတွင်း ငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တတ်နိုင်သလောက် ခိုင်မြဲသော အုတ်မြစ် ချထားရေးကိုသာ အမြဲတမ်း စဉ်းစားနေသော သမ္မတ၊ ထိုသော စေတနာမှ လွဲ၍ ရင်ထဲ ဘာမှမရှိ၊ ရှင်းလင်းသော သမ္မတတစ်ဦးသာ ဖြစ်ပါသည်။
ထိုသော ရိုးစင်းသောသမ္မတနှင့် ရိုးစင်းသော လယ်တော အိမ်ကလေး အတွင်းမှ ပွင့်လင်းသော တွေ့ဆုံမှုများ သည် ကာလတစ်ခုကို ကျော်ဖြတ်ပြီးသောအခါ ကြီးကျယ်သော သမိုင်းကြောင်းတစ်ခု မှတ်တိုင်တစ်ခု အဖြစ် ချန်ထားခဲ့ပါလိမ့်မည်။
နေဇင်လတ်
From -MyanmarIndenpendentJournal

1 comment:

  1. ငွေကြေးချမ်းသာမှု ဘာမှ မယ်မယ်ရရ မရှိသော သမ္မတ....
    How can he donate 500 lakhs to Press Council (Temp)?

    ReplyDelete