Thursday, August 2, 2012

မင်နီတားခံ ကာတွန်းများ၏ တစ်ခေတ်အလွန်

ရေးသားသူ- ဥက္ကာကိုကို

တိုက်ပုံ၊ ခေါင်းပေါင်းဝတ်ဆင်ထားသည့်  လူတစ်ဦးက  အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟု
ကမ္ပည်းထိုးထားသော အုတ်ဂူရှေ့သို့ သွား၍ “ငွေစက္ကူအသစ်မှာ ဗိုလ်ချုပ်ပုံမပါတာ ၀မ်းနည်းမိ ပါတယ် ခင်ဗျာ”ဟုပြောနေသည်။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အုတ်ဂူထံမှ အသံပြန်ထွက်လာပါသည်။ ထိုအသံမှာ “၀မ်းမနည်းပါနဲ့ ကိုယ့်လူ၊ လာဘ်ပေးလာဘ်ယူကို ဒီငွေနဲ့ လုပ်ကြတာ  ဆိုတော့  ငါ့ပုံနဲ့ဆို ငါလည်းကြံရာပါ ဖြစ်နေမှာ။ ဒီအတိုင်းပဲကောင်းပါတယ်”ဟူ၍ဖြစ်လေသည်။



တိုင်းပြည်တစ်ပြည် ပွင့်လင်းလာသည်နှင့်အမျှ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ မီဒီယာတို့လည်း ပိုမိုပွင့်လင်းလာရပြီး ပညာရှင်တို့မှာလည်း
 အတွေးရဲရဲ၊ အရေးရဲရဲဖြင့် လွတ်လပ်စွာ တစ်ဖန်ဆန်းသစ်နိုးထလာကြသည်သာ ဖြစ်သည်။ ထိုအခြင်းအရာသည် အသစ်
အသစ်များဖြင့် ပြန်လည်တည်ဆောက်နေသော  မြန်မာနိုင်ငံကဲ့သို့သော   တိုင်းပြည်အတွက် အလားအလာကောင်းမွန်သည့်
တိုးတက်မှုများပင်ဖြစ်ပါသည်။ ပွင့်လင်းမှုများနှင့်အတူ ဖြစ်ပေါ်လာရသည်ဟု ဆိုရမည်ဖြစ်သည့် ကာတွန်းပြပွဲကြီးတစ်ခုကို ဇူလိုင်
လ ၂၆ရက်မှ ၂၉ရက်အထိ ရန်ကုန်မြို့ရှိ လောကနတ်အနုပညာပြခန်းတွင် ခြိမ့်ခြိမ့်သဲသဲကျင်းပပြုလုပ်ခဲ့သည်။

ကာတွန်းပြပွဲကြီးဟု ဆိုရ သည်မှာ ယခင်နှစ်ပိုင်းများက ပြု လုပ်ခဲ့ကြသော ကာတွန်းပြပွဲများထက် ကာတွန်းပညာရှင်အင်အား ပိုမိုများပြားစွာပါဝင်ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုအားပေးကြသည့် ပရိသတ်လည်း ပိုမိုများပြားလာခဲ့သည့်    ပွဲတစ်ပွဲဖြစ်သော ကြောင့်ဖြစ်ပါသည်။

ပြပွဲတွင် ကာတွန်းဆရာ ပေါင်း ၇၂ဦး ပါဝင်ခဲ့ပြီး သူတို့၏ လက်ရာကာတွန်းပေါင်း ၁၆၆ ကားကို ချိတ်ဆွဲပြသခဲ့ပါသည်။ ယခင်နှစ်များနှင့်   
နှိုင်းယှဉ်ပါက အများပြည်သူရှေ့မှောက် ရောက် ရှိရန်ခက်ခဲပြီး စာပေစိစစ်ရေးရုံး မှာတင် မင်နီတား ပိတ်ပင်ခြင်းခံရ မည်ဖြစ်သော အတွေးရဲရဲအရေး ရဲရဲကာတွန်းကွက်များကို ယခုနှစ် တွင် ကြည့်ရှုခံစားလာရသည်က လည်း အပြောင်းအလဲတစ်ရပ်ပင် ဖြစ်ပါလိမ့်မည်။

“စိစစ်ရေးအနေအထားက အရင်ကလို အမြင်ကတ်ပုဒ်မတွေ မရှိတော့ဘူး”ဟု အဆိုပါပြပွဲတွင် ပါဝင်ပြသခဲ့သည့် လူငယ်ကာ
 တွန်းဆရာမိုးမြင့်သူကပြောသည်။ယခင်ကဆိုလျှင် ကာတွန်း ဆရာများ၏ ကာတွန်း ၁၀ ပုဒ်လျှင်  ခုနစ်ပုဒ်ခန့်မှာ  အပယ်ခံခဲ့ရ သည်ဟု   သူက  ဥပမာပေးကာ ယခုလို ပြန်လည်ဖွင့်ပေးနေသည့် ကာလတွင် ကာတွန်းမရေးဖြစ်ကြ တော့သည့် ကာတွန်းဆရာများလည်း
 ပြန်လည်ရေးဆွဲလာကြပြီ ဖြစ်ကြောင်း သူကဆိုသည်။

ထို့အတွက် ကာတွန်းမိုးမြင့် သူက စိစစ်ရေးတာဝန်ရှိသူများ၏ စေတနာကို ကျေးဇူးတင်သည်ဟု ဆိုပြီး “သူတို့လည်း အပြုသဘော ကို
 လိုလားတယ်လို့ထင်ပါတယ်”ဟု တွေးတွေးဆဆဖြင့်ဆက်ပြော သည်။  ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကာတွန်းတာရာကလည်း “အရင် ကလောက်မဖြုတ်တော့ဘူး”ဟု မှတ်ချက်ပြုသည်။

ယခုပြပွဲကို စိတ်တူကိုယ်တူ ဆန္ဒတူ ကာတွန်းဆရာများဖြင့် စုစည်းထားသော ကာတွန်းကွန် ရက်(မြန်မာနိုင်ငံ)က စီစဉ်ကျင်းပခြင်းဖြစ်သည်။
ပြပွဲမှ ကာတွန်းများ ရောင်းရငွေ၏ ထက်ဝက်တိတိကို မဟာ သီရိသုဓမ္မဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ပြီး
ကျန်ထက်ဝက်ကိုမူ ပြပွဲတွင် ပါဝင်ခဲ့သည့်   ကာတွန်းဆရာများ၏   အထွေထွေကုန်ကျစရိတ်အတွက် သုံးစွဲသွားမည်ဟုသိရသည်။ ထို့
အပြင် နာမကျန်းသည့် ကာတွန်းဆရာများအတွက်လည်း  သူတို့က ထောက်ပံ့ကြဦးမည်ဖြစ်သည်။

၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဖြစ်စဉ်တွင် မုန်တိုင်းဒဏ်ခံမိသားစုများအား ကိုယ် တတ် စွမ်းသည့် ကာတွန်းပညာရပ်ကို အသုံးချကာ
 စိတ်ဓာတ်မြှင့်တင်မှုများပြုလုပ်ပေးရင်း အခြေတည် လာခဲ့သည့် ကာတွန်းကွန်ရက်သည် ကာတွန်းဆရာများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်ပိုင်တစ်နိုင် ကူညီပေးကြရင်းမှပိုမိုစုစည်းမိလာခဲ့ကြ သည်။

တောင်ဥက္ကလာပမြို့နယ် အတွင်း ဖွင့်လှစ်ထားသော စိတ် တိုင်းကျအမည်ရှိ ကဖီးဆိုင်ကလေးတွင် တနင်္ဂနွေနေ့တိုင်း စိတ်တူပါသနာတူ
 ကာတွန်းဆရာများ ဆုံစည်းကြမြဲဖြစ်သည်။ ထို့နောက်ယခင် ၂၀၁၁ အမျိုးသားအောင်ပွဲနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်  
ကွန်ရက်အနေဖြင့်  ကာတွန်းပြပွဲကို  ပထမဆုံးအကြိမ် ပြသနိုင်ခဲ့ကြသည်။ ယခု ပြပွဲမှာ သူတို့၏ ဒုတိယမြောက် ပြပွဲဖြစ်သည့်အပြင် အလှူပွဲတစ်ရပ်လည်းဖြစ်သည်။

“ဒီပွဲက အလှူပွဲလည်းဖြစ်တယ်။ အနယ်နယ်က ကာတွန်း ဆရာတွေ စုစုစည်းစည်းရှိလာတာ ကို ပိုသဘောကျတယ်။ ဆရာကြီး တွေက
 လူငယ်တွေကို လက်တွဲ ခေါ်ပါတယ်”ဟု မအူပင်မြို့မှ လာရောက်ပြသသည့် ကာတွန်းအတီး (ကော်ရည်)က ပျော်ပျော်ရွှင်ရွှင်ပင်ပြောပါသည်။

ကာတွန်းအတီးကလည်း ကိုယ် တင်ပြချင်သည့်အကြောင်း အရာကို တင်ပြခွင့်ရသဖြင့် သက် ဆိုင်ရာကို ကျေးဇူးတင်ပါကြောင်း ဆိုလာသည်။
သို့သော်လည်း လွတ်လပ်သည့်သဘောသာရှိပြီး ရာနှုန်းပြည့်မဟုတ်သေးကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ကာတွန်းဒီဒီကပြောသည်။
“စိစစ်ရေးအဖွဲ့ လာတယ်ဆို ကတည်းက လွတ်လပ်မှုသိပ်မရှိဘူး”ဟုသူကပြောသည်။ ယခုပြပွဲ ကို စတင်သည့်နေ့က စိစစ်ရေး အဖွဲ့မှ ထုံးစံအရလာရောက် ကြည့်ရှုခဲ့ပြီး ကာတွန်းနှစ်ကားကို ပြသခြင်းမပြုစေလိုကြောင်းပြော သည့်အတွက် ဖြုတ်ပေးခဲ့ရခြင်းအ ပေါ် သူကဆိုလိုခြင်းဖြစ်သည်။

ကာတွန်းပြပွဲမစတင်မီ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ပြပွဲသို့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် ကာတွန်းအာယု
ရေးဆွဲထားသည့် တရားစီရင်ရေး သရော်ကာတွန်း တစ်ပုံနှင့် ကာတွန်းရွှေဘို ရေးဆွဲ ထားသည့် မီဒီယာလွတ်လပ်ခွင့်
သရော်ကာတွန်းတစ်ပုံတို့ကို ပြခန်းမှ ဖြုတ်ပေးခဲ့ရသည်။

ကာတွန်းအာယုက ဂျာနယ် တစ်စောင်ကို ထိုင်ဖတ်နေသည့် အဘိုးအိုတစ်ဦးကို ရေးဆွဲထားသည်။ အဘိုးအိုက ဂျာနယ်ဖတ် ရင်း  
ဟားတိုက်ရယ်မောလျက် ဤသို့ပြောနေသည်။  “ဘုရားကို ခြင်္သေ့စောင့်၏။ တရားကို နတ်စောင့်၏။ ဥပဒေကို သမာဓိစောင့်၏။ တရားဥပဒေကိုတရားသူကြီးကတော်နှင့် ဥပဒေအရာရှိဇနီးစောင့်၏”ဟူ၍ဖြစ်သည်။

ကာတွန်းရွှေဘိုကတော့ မီဒီယာဟု ကိုယ်လုံးပေါ်မှာရေးထား သည့် ဆင်ကြီးတစ်ကောင်ကိုရေး ဆွဲပြသည်။ ဆင်ပေါ်တွင် လူတစ်ဦးရှိသည်။
သူကပြောသည်။ “ငါ့ကောင်ကြီး မရုန်းပါလား”တဲ့။ ဆင် ကြီးကပြန်ပြောသည်။ “မရုန်းတာ မဟုတ်ဘူး။ ရုန်းလို့မရတာ”ဟု။
အဘယ်ကြောင့်ဆိုသော် မီဒီယာ ဆင်ကြီး၏ခြေထောက်ကို လွတ် လပ်ခွင့်ဟူသော သံကြိုးကြီးဖြင့် ထူးခတ်ချုပ်နှောင်ထားသော
ကြောင့်ဖြစ်သည်။

ကာတွန်းပြပွဲကို အဓိကပံ့ပိုး ကူညီပေးခဲ့သူဖြစ်သည့် ကိုမြင့်ဝင်းမောင်(AZ)က ယင်းကိစ္စနှင့်ပတ်သက်၍ “ဖြုတ်ပါလို့ တားမြစ်တာ
တော့မဟုတ်ဘူး။ မပြစေချင်တဲ့သဘောမျိုးပြောတာပေါ့။ ကျွန် တော်တို့က ဖြုတ်ပေးထားခဲ့ပါတယ်”ဟုရှင်းပြသည်။ ကိုမြင့်ဝင်းမောင် (AZ)  မှာယခုပြပွဲကို စပွန်ဆာအနေဖြင့် စိုက်ထုတ်ကူညီပေး ခဲ့သူဖြစ်သည်။ ဒါက စေတနာ သန့်သန့်ပင်ဖြစ်ကြောင်း ကာတွန်းဆရာတချို့က သူ့အပေါ်မှတ် ချက်ပေးကြသည်။

“အခုလို ပွင့်လင်းလာတဲ့ ခေတ်အခြေအနေမှာ ကာတွန်း ဆရာတွေရဲ့ လွတ်လွတ်လပ်လပ် ရေးဆွဲတင်ပြတဲ့အကြောင်းအရာ တွေကို
ပြည်သူတွေခံစားနိုင်ဖို့၊ အသိအမြင်တွေရစေဖို့ ပထမ ရည်ရွယ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီပွဲက ရောင်းရငွေ တွေကို
ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းကို လှူဒါန်းမယ့်အလှူပွဲဖြစ် တဲ့အတွက် ပံ့ပိုးဖို့ ဆန္ဒရှိလို့ပါ”ဟု ကိုမြင့်ဝင်းမောင်က ကာတွန်းပြပွဲ
ဖြစ်မြောက်လာစေရန် ပံ့ပိုးပေးရခြင်း ရည်ရွယ်ပြောပြသည်။

ကာတွန်းဆရာ ၆၆ဦး ပါဝင် ရေးဆွဲထားသော “မပြောမပြီး မတီးမမြည်”အမည်ရှိ ကာတွန်းစာအုပ်ပေါင်းသုံးထောင်ကို ကိုမြင့်
ဝင်းမောင်က ရိုက်နှိပ်လှူဒါန်းခဲ့ သည်။ တစ်အုပ်လျှင် နှစ်ထောင်ကျပ်နှုန်းဖြင့် ရောင်းချသည့် အဆို ပါကာတွန်းစာအုပ်သာ    ကုန်
အောင်ရောင်းချရပါက ကျပ်သိန်းခြောက်ဆယ်ရရှိမည်ဖြစ်သည်။ ထိုငွေများကို ကာတွန်းဆရာများ ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
ကူညီသုံးစွဲသွားမည်ဟု ကိုမြင့်ဝင်းမောင်ကဆိုသည်။ သူ ကိုယ်တိုင်က ပန်းချီဆရာတစ်ဦး လည်းဖြစ်ပါသည်။

“သူတို့ ဖန်တီးတဲ့အနုပညာ တွေက တိုင်းပြည်အတွက် အကျိုးရှိစေတယ်။ အဲဒီ့အနုပညာရှင်တွေ နာမကျန်းဖြစ်တဲ့အခါ မရေးဆွဲ နိုင်တဲ့အခါ
ပြည်သူတွေ မသိနိုင် ကြတော့ဘူး။ အနုပညာရှင်ဟာ အသက်ကြီးလာလေ ပိုရင့်ကျက် ပြီး  ပိုဖန်တီးနိုင်လေပါပဲ””   ဟု ကိုမြင့်ဝင်းမောင်က
ဆက်လက် ပြောကြားသည်။

ယခုပြပွဲတွင် ကာတွန်းရွှေ မင်းသား၊ ကာတွန်းမောင်မောင် အစရှိသည့် ကန်တော့ခံသက်ကြီး ကာတွန်းပညာရှင်ကြီးများလည်း
ပါဝင်သကဲ့သို့ လူငယ် ကာတွန်း ဆရာများလည်း   အင်တိုက်အားတိုက်   ပါဝင်ပြသခဲ့ကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် လူ ငယ်အမျိုးသမီးကာတွန်းဆရာမ သုံးဦးလည်း    ပါဝင်နေခြင်းက အနည်းငယ်ထူးခြားလျက်ရှိပါ သည်။ သူမတို့သုံးဦးကတော့ ကာ တွန်းနွယ်နီ၊ ထိပ်ထားလေး၊ စုပြည့် တို့ဖြစ်ကြသည်။

“ဆရာကြီးဦးလှဖေနဲ့ ဆရာမိမန်းလေးတို့ဆီမှာ သုံးနှစ် လောက်သင်ကြားခဲ့ပါတယ်။ ရုပ်ပြလည်းရေးပါတယ်။ ဒီဇိုင်းတွေလည်း လုပ်ပါတယ်”ဟုကာတွန်းဆရာမ နွယ်နီကပြောသည်။ကာတွန်းကွန်ရက်(မြန်မာ နိုင်ငံ)၏ ဦးတည်ချက်မှာ မြန်မာ နိုင်ငံရှိ ကာတွန်းဆရာများ၊ ကာ တွန်းရေးဆွဲသူဝါသနာရှင်များ အားလုံးပါဝင်သည့် မြန်မာနိုင်ငံ ကာတွန်းပညာရှင်များအစည်းအ ရုံးတစ်ခု ဖြစ်ပေါ်လာစေရေးပင် ဖြစ်သည်ဟုသိရသည်။

ကာတွန်းဆရာတစ်ဦးဖြစ် သူ ဦးငယ်ဦးကတော့ ယခုပြပွဲ အပေါ်တွင် အလွန်ကျေနပ်အား ရပါသည်ဟုပြောလာသည်။ “နာဂစ်တုန်းကလည်း
ဒီလိုပဲ။ ဒုက္ခ သည်တွေကို လှူရတာ ပီတိဖြစ်ခဲ့ တယ်။ အဲဒီလို အခု ပြန်ခံစားရတယ်။ ကိုယ့်ရဲ့ဉာဏစွမ်းအားက လေးနဲ့တတ်နိုင်တဲ့ဘက်က လှူရတာဖြစ်တဲ့အတွက် ကာတွန်း ဆရာဘ၀ဖြစ်ရတာ အလွန်ကျေ နပ်အားရတယ်။ ဖြစ်ရကျိုးနပ်ပါတယ်”ဟု သူက ၀မ်းမြောက်ဝမ်း သာပြောပါသည်။

ကာတွန်းဆရာများသည် ပြည်သူထဲမှ ပြည်သူများပင်ဖြစ် ကြပါသည်။ ထို့ကြောင့် သူတို့၏ ရေးဆွဲတင်ပြမှုတို့မှာ ပြည်သူများ ၏ရင်ထဲမှ
ခံစားချက်များ၊ ပြည် သူ့အသံများ တစ်ထပ်တည်းကျနေပါသည်။ ကာတွန်းများမှာလည်း ပိုမို ပွင့်လင်းလာပါသည်။ ခေတ်ကို လည်း
ပိုမိုထင်ဟပ်လာပါသည်။

“ကာတွန်းဆရာ ၉၀ ရာခိုင်နှုန်းက ဆင်းရဲကြပါတယ်”ဟု ပွဲကို ပံ့ပိုးကူညီသူ ကိုမြင့်ဝင်းမောင်က ပြောပါသည်။
ကိုယ်တိုင်က လိုအပ်ချက် တွေ တစ်ပုံတစ်ခေါင်းရှိနေလျက်ကပင် ကိုယ် တတ်ကျွမ်းသည့် အနုပညာလေးဖြင့် ပရဟိတစိတ်ရင့် သန်ကာ
လှူဒါန်းမှုများပြုလုပ်နေ ကြသည့် ကာတွန်းဆရာများ၏ စေတနာမှာ စင်ကြယ်မွန်မြတ်ပါသည်။

လူဆင်းရဲသော်လည်း မေတ္တာတရားနှင့် ဒါနတရား ချမ်းသာသူ ကာတွန်းဆရာတို့သည် အတွေး ရဲရဲ အရေးရဲရဲဖြင့် တိုင်းပြည်၏
ပွင့်လင်းတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဖော်ကျူးနေကြ လိမ့်ဦးမည်သာဖြစ်ပါသည်။
ပြပွဲတွင် ချိတ်ဆွဲပြသထား သည့် ကာတွန်းများထဲမှ အချို့ကို ပြန်ရေးပြပါမည်။ ကာတွန်းလူ ဇော်၏ ကာတွန်း။ ကုလားထိုင် ပေါ်တွင်
ခြေချိတ်ထိုင်နေသော ယောက်ျားဖြစ်သူကို အနီးရှိ ဇနီး ဖြစ်သူက ပူဆာနေသည်။“ကို..ပိုက်ဆံလောက်ရဲ့ သားနဲ့ ကားဝယ်စီးရအောင်နော်”။

ယောက်ျားဖြစ်သူက စိတ်ရှုပ်သွားဟန်ဖြင့်ပြန်ပြောသည်။ “ကားဖိုးက လောက်တယ်ဟ၊ မော်တော်ပီကယ်ဖိုး မတတ်နိုင်လို့ စဉ်းစားနေတာ”ဟူ၍ဖြစ်သည်။
မန္တလေးနန်းတော်ကြီးဆီမှ ငွေထုပ်များလက်ဆွဲလျက် တရုတ် အမျိုးသားကြီးတစ်ဦးထွက်လာ သည်။ သူ့နောက်မှာ စစ်သူကြီး တစ်ဦးက
ငွေထုပ်ထမ်း၍လိုက်ပါလာသည်။ ကာတွန်းကိုသက်ကြည်က ကာတွန်းပုံကို ယခုလို စာထိုးထားသည်။ “အနောက်ဘက် တံခါးကျိုးတာ   
ပြင်လို့ရတယ်။ အရှေ့ဘက်တံခါးက အသပြာတွေမထွက်ဖို့ အရေးကြီးတယ်”။

နောက်ကာတွန်းတစ်ခုက တော့ ကာတွန်းကိုရွှေထူး၏ သုံးကွက်ကာတွန်းဖြစ်သည်။ ပထမတစ်ကွက်တွင် လူတစ်ဦး မြစ်ဘေးမှာ ငါးမျှားနေသည်။ဒုတိယ တစ်ကွက်တွင် ငါးတစ်ကောင်မှ လာ မဟပ်သဖြင့် စိတ်တိုလာသည်။ တတိယ တစ်ကွက်မှာ ငါးမျှားတံ ကိုထမ်းလျက် စိတ်ဆိုးမာန်ဆိုးပြန်သွားပုံဖြစ်ပြီး စကားတစ်ခွန်း ကို ဒေါသတကြီးပြောသွားသည်။
“အလကားအကောင်တွေ တစ် ကောင်မှ ပါးစပ်မဟရဲကြဘူး... ဟွန်း”ဟူ၍။

နောက်ဆုံးကာတွန်းတစ်ခု ကို တင်ပြပါမည်။ ကာတွန်းဆရာ က သူရဖြစ်သည်။ နိုင်ငံခြားခရီးသည်တစ်ဦးက မြန်မာနိုင်ငံမှ ဆင်းရဲသားနှစ်ဦးကိုပြောသည်။ “တကယ်ဆို ခင်ဗျားတို့တိုင်းပြည် က ကျုပ်တို့တိုင်းပြည်ထက် ချမ်း သာတယ်။ ဒါပေမဲ့..”
ထိုစဉ် ဆင်းရဲမွဲတေနေသည့် လူနှစ်ဦးက စကားဖြတ်ပြောလိုက်ပုံမှာ “သိတယ်..မပြောနဲ့။ ဒီမှာ ဒေါသဖြစ်နေတာ..ခွီး”ဟူ၍ဖြစ်ပါသည်။       ။
from 7dayNewsJournal

No comments:

Post a Comment