Saturday, August 25, 2012

PNLO နှင့် အစိုးရတို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး


ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO ( ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ပထမဆုံးအကြိမ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောကြားသည်။


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲကို PNLO၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့ခေါင်းဆောင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြောင်း ယင်းအခမ်းအနားထံမှသိရသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး PNLO ၏ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ဆီဆိုင်၊ မောက်မယ်တို့တွင် ဖွင့် လှစ်ခွင့်ပေးကြောင်း၊ PNLO အဖွဲ့ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် တွင် နေထိုင်နိုင်ရန် နေရာသတ်မှတ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ်ရပ်ပြီးနောက် မအိုဝ်း ပြည်သူ လူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက်ခြောက်ချက်နှင့် ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။

PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

No comments:

Post a Comment