Wednesday, September 26, 2012

လိုင်စင်အတွက်ဆိုင်ကယ်တန်းစီတဲ့နေရာမှာ အရှေ့ဆုံးက (၁ဝ)စီးစာနေရာကို အစိုးရဝန်ထမ်းတွေ အတွက် ပေးထား ဝန်ထမ်းတွေက လိုင်စင်ရှိပြီးသား ဆိုင်ကယ်တွေနဲ့တန်းစီထားပြီး နေရာကို ငွေနဲ့ပြန်ရောင်းနေတာ တစ်ကယ်လိုင်စင်မရှိတဲ့သူတွေကျတော့ အဲ့ဒီအတွက်ငွေပိုကုန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးရာတွင် လိုင်စင်ဖိုးအပြင် ဆိုင်ကယ်စောင့် ခနှင့် နေရာဝယ်ယူခများပြားနေသည့်အတွက် အခြေခံလူတန်းစားများအနေဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန် အခက်တွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

 
“''လိုင်စင်အတွက်ဆိုင်ကယ်တန်းစီတဲ့နေရာမှာ အရှေ့ဆုံးက (၁ဝ)စီးစာနေရာကို အစိုးရဝန်ထမ်းတွေ အတွက် ပေးထားတယ်၊ ဝန်ထမ်းတွေက လိုင်စင်ရှိပြီးသား ဆိုင်ကယ်တွေနဲ့တန်းစီထားပြီး နေရာကို ငွေနဲ့ပြန်ရောင်းနေတာ တစ်ကယ်လိုင်စင်မရှိတဲ့သူတွေကျတော့ အဲ့ဒီအတွက်ငွေပိုကုန်တာပေါ့ ''    ဟု လိုင်စင်ပြုလုပ်ရန်လာရောက်သူ တစ်ဦးကပြောသည်။
 
ဝန်ထမ်းများက လိုင်စင်လုပ်ပြီးပါက နေရာဦးထားကာ  ဆိုင်ကယ်တစ်စီးစာတစ်နေရာလျှင် ငွေကျပ် (၅ဝဝဝ)နှုန်းဖြင့် ပြန်လည်ရောင်းချမှုများရှိနေကြောင်းနှင့် လိုင်စင်ပွဲစားများကလည်း လိုင်စင်ကာလ ကုန်ဆုံးခါနီးတွင် ပွဲစားခပိုမိုတောင်းခံခြင်းများရှိလာကြောင်းကိုလည်း ဒေသခံများထံက သိရသည်။
 
လိုင်စင်ဖိုးက ပျှမ်းမျှငါးသောင်းဝန်းကျင်လောက် ကုန်တယ်၊ လိုင်စင်ပွဲစားခက ရှစ်ထောင်ကနေ တစ်သောင်းခွဲအထိ ပေးရတယ်၊ အမြန်လိုချင်ရင် နေရာက ဝယ်ရသေးတယ်ဆိုတော့ အပိုကုန်တဲ့ ငွေက နှစ်သောင်းဝန်းကျင်လောက် ရှိတယ် ''   ဟု ဆိုင်ကယ်လိုင်စင်ပြုလုပ်ပြီးသူ ဦးဝင်းကျော်က ပြောသည်။
 
ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်အတွက် အခွန်ရုံးရှေ့တွင် ညအိပ်စောင့်ဆိုင်း၍ တန်းစီနေရာယူရပြီး လိုင်စင်ရှိထားပြီးသူများက ကြိုတင်နေရာယူထားကာ  နေရာပြန်လည် ရောင်းချခြင်းများကြောင့် ငွေကြေးကုန်ကျမှုပိုလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
 
ထိုကဲ့သို့ နေရာရောင်းချမှုများပြားလာခြင်း၊ ညအိပ်စောင့်ခများပြားလာခြင်းနှင့် လိုင်စင်ပွဲစားများအား ပွဲစားခ ပိုပေးလာ ရခြင်းကြောင့် ငွေကြေးချို့တဲ့သူ အခြေခံလူတန်းစားများအတွက် အခက် တွေ့နေ ရကြောင်း လိုင်စင်ပြုလုပ်ရန်   စောင့်ဆိုင်းနေသူများက ပြောသည်။
 
ရှမ်းမြောက်ကျောက်မဲမြို့တွင် ဇွန်လအတွင်းက စ၍ ဆိုင်ကယ်လိုင်စင်များကို စတင်ပြုလုပ်ပေးခဲ့ရာ လက်ရှိအချိန်ထိ ဆိုင်ကယ်အစီးပေါင်း (၅ဝ၃၆)စီးကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး  အောက်တိုဘာလ (၅)ရက်နေ့တွင် လိုင်စင်ကာလကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ကျောက်မဲမြို့ရှိ အခွန်ဦးစီးရုံးမှ တာဝန် ရှိသူများက ပြောသည်။
From-မြစ်မခ

No comments:

Post a Comment