Wednesday, September 26, 2012

ပြန်ကြားရေး၏ယဉ်ကျေးမှုအပြောင်း၊ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာခြေလှမ်းသစ်များနှင့်ရှေ့ခရီး

အယ်ဒီတာ့အာဘော်
 ထူးခြားသော သတင်းထုတ်လွှင့်မှုတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့် သို့မဟုတ် လွန်ခဲ့သည့် သုံးလေးလခန့်က စဉ်းစားကြည့်လျှင်ပင် စိတ်ကူးယဉ်ဆန်လွန်း သည်ပြောနိုင်သည်။ သို့သော် ယင်းသည် စက်တင်ဘာ ၂၀ရက်ညတွင်ဖြစ်ခဲ့သည်။တိတိကျကျဆိုရသော် ထိုနေ့ည ရှစ်နာရီ ရုပ်မြင်သံကြား သတင်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မည်ကဲ့သို့သော စိတ်ကူးယဉ်ဆန်မှုက တကယ်ဖြစ်ပွားခဲ့သည်လဲ။ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ကွန်ဂရက်က အမြင့်မားဆုံးရွှေတံဆိပ် ဆုချီးမြှင့် သည့်သတင်း၊ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းပြောသည့် သတင်းနှင့် အမေရိကန်သမ္မတနှင့် တွေ့ဆုံသည့် သတင်းကို ပြည်ထောင်စု ၀န်ကြီးများသတင်းများနှင့်  အတူ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၏အောင်မြင်မှုနောက်တစ်ဆင့်ဖြစ်သည်။မြန်မာနိုင်ငံပြု ပြင်ပြောင်းလဲမှု၏ သိသာသောပြယုဒ် တစ်ခုဖြစ်သည်။ ထို့ထက်ဆိုရမူ သတင်းထုတ်ပြန်မှုတွင် ရှေးရိုးအစဉ် အလာမစွန့်လွှတ်နိုင်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၏ ထူးခြား တိုးတက် မှုဖြစ်သည်။ပြန်ကြားရေး ၀န်ကြီးဌာန ၏ ယဉ်ကျေးမှုပြောင်း လဲခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးက သူ၏ပြုပြင်ပြောင်းလဲမှုကို လိုက်ပါနိုင်ခြင်းမရှိသူများ ချန်ထားရစ်ခဲ့မည်ဟု တရားဝင်ပြောဆိုအပြီးတွင် ဒုတိယ အဆင့်ပြုပြင်ပြောင်း လဲမှု မဟာဗျူဟာများ ချပြခဲ့သည်။ယင်းနှင့်မရှေးမနှောင်း ပင် အစိုးရအဖွဲ့အတွင်း အကြီးအကျယ်ပြောင်းလဲ မှုလုပ်ခဲ့သည် ။နိုင်ငံပိုင်ရုပ်သံလိုင်း၏ ယခုသတင်းထုတ်လွှင့် မှုသည် အနက်အဓိပါယ်ကျယ်ဝန်း လှသည်။ ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ အတွက် ပြန်ကြား ရေးဝန်ကြီးဌာန၏ အလိုက်သင့်စတင်ပါဝင်မှုဟုလည်းပြောနိုင်သည်။

သို့သော် ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာခရီးကား ပထမအဆင့်ထက်ပိုကျယ်ပြော သည်။အဟုန်ကြီးမားမည်။ အသီးအပွင့်ထွက်အောင်လုံ့ လပြုကြရမည်ဖြစ် သည်။ ထို့ကြောင့် ထိုပြောင်းလဲမှုများ ကိုယုံကြည်ခြင်း၊ယုံကြည်မှုနှင့်အတူ သမ္မတ၏ဦးဆောင်မှုနောက် လိုက်ပါ အကောင်အထည်ဖော်ခြင်း တို့ပြုကြ ရမည်။ထိုနေရာတွင် တကယ့်ကိုယုံကြည်သူများ ကို ရွေးချယ်ဖို့အရေးကြီးသည်။ ယုံကြည်ယောင်ဆောင်ပြီး ရောယိမ်းလိုက် ဘသားယိမ်းလိုက်ပြုတတ်သူများ ကို ဂရုထားဖို့လိုသည်။ထိုသူများသည် ဆွမ်းဆန်ထဲရော မည့် ကြွက်ချေး များဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ရုပ်မြင်မိန့်ခွန်းတွင်သမ္မတကြီးနှင့်လွှတ်တော်ဥက္ကဋ္ဌတို့၏ပြပြင်ပြောင်း လဲမှုလုပ်ရပ်များကို ချီးကျူးထုတ်ဖော်သွားသည်။ တစ်ချိန်တစ်ခါက အတိုက်အခံခေါင်းဆောင် တစ်ဦးဟု ပြောဆို သတ်မှတ်ခံခဲ့ရသူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ ယခုမှတ်ချက်သည် တန်ဖိုးကြီးလှ သည်။မြန်မာနိုင်ငံ ၏ပြုပြင် ပြောင်းလဲမှုကို မှတ်ကျောက်တင်ပေး လိုက်ခြင်းလည်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသစ်၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ အချိန်တိုတိုအတွင်း ထိရောက်အောင်မြင် ရေးအတွက် အစစ်အမှန်ယုံကြည်ကြသူများနှင့် ယုံကြည်ယောင်ဆောင်ကြသူများခွဲခြားရွေးထုတ် ရမည့်အချိန် တန်ပြီဖြစ်ပါကြောင်း ကျွန်ုပ်တို့က ရိုးသားစွာယုံကြည်ပါသည်။

အယ်ဒီတာ

၂၀ စက်တင်ဘာ ၂၀၁၂

From -ရန်ကုန်တိုင်းမ်

No comments:

Post a Comment