Monday, September 17, 2012

ပိုဆိုးလာတဲ့ကချင်ပြည်နယ်

KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာဖော်ပြနေတဲ့ လူပြောသူပြောများတဲ့ ကချင်ပြည်နယ်ဘက် ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့ ကျွန်တော့် ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့် ရင်း ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ်ထားရတယ်။ ဟိုရောက်မှပဲ ကြောက်
ရကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီးသံတွေ ဖားကန့်ကနေ မကြာခဏ ကြားနေရ တယ်။ ဒေသခံတွေမေးကြည့်တော့ KIA က တော်တော်လေးနယ်ချဲ့လာပုံရတယ်။ အရင်တုန်းက ဖားကန့် နယ်မြေမှာ ကေအိုင်ကေက အခုလောက်မများဘူးလို့ သိရတယ်။ သူတို့ရဲ့ အဓိကဆက်ကြေးကောက် တဲ့နေရာဆိုတော့ ဒီဒေသကို လက်မလွှတ်နိုင်ဘူးနဲ့ တူပါ တယ်။ နှစ်စပိုင်းတုန်းကလည်း ကုမ္ပဏီတစ်ခုကို KIA က သိန်း ၂၀၀၀ တောင်းတယ်။ မပေးရင် Back Hole တို့ Loader တို့ မြေသယ်ယာဉ်တို့ကို မိုင်းခွဲပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ဈေးဆိုင်တွေနဲ့ လုပ်ငန်းအသေးလေးတွေအပါအ၀င် ဆက်ကြေး အတင်းအဓမ္မ ကောက်ခဲ့ကြ တယ်။ ဓားပြတွေလိုပဲ။ အခြေအနေမကောင်းတော့ ကုမ္ပဏီတွေ အိမ်ပြန်ခေါက်ကြတယ်။ သူတို့အကြိုက်ဖြစ်သွားတယ်။ သူတို့လူတွေနဲ့ပေါင်းပြီး ခိုးထုတ်နေကြတယ်။ ရသမျှဟာ သူတို့ အတွက်ပဲလေ။ အချို့ကုမ္ပဏီတွေက မိုးကျလာတော့ ပစ္စည်းတွေပြန်မသယ်နိုင်ဘဲ Site ထဲမှာ ပဲထားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကဆိုရင် ရွှေဂေါင်ဂေါင် ကျောက်စိမ်းကုမ္ပဏီထဲဝင်ပြီး ဆက်ကြေးတောင်းတာမရလို့ ကုမ္ပဏီက မိုးကျလို့ မသယ်နိုင်ဘဲ ထားခဲ့တဲ့ ယန္တရားတွေနဲ့ မြေသယ်ကားတွေ၊ ဂိုဒေါင်တွေ၊ အဆောက်အအုံတွေအကုန်လုံး မီးရှို့လိုက်တယ်လို့ သိရတယ်။
အခုလည်း အခြေအနေမကောင်းလို့ ရွာကနေ ဖားကန့်ဘက်ကို ပြောင်းလာကြတာ အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတယ်။ လူဦးရေကတော့ ၇၀၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ ကျွန်တော့်ဦးလေးတွေကလည်း သူတို့ရဲ့အလုပ်သမားအသိတွေများတော့ လိုတာ တွေ လိုက်ကူညီပေး ခဲ့ကြတယ်။ သူတို့တွေ ပြောပြချက်အရတော့ တပ်ရော၊ KIA ရော နေရာအတော်များများမှာ သူချကိုယ်ချ တိုက်ပွဲဖြစ်နေကြတယ်လို့ သိရတယ်။ နှစ်ဖက်စလုံး ကတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။ သူတို့တွေ ဖားကန့်ကိုတက်လာတော့ KIA နဲ့ မနည်းရှောင်ပြေးလာခဲ့ရတယ်။ ရွာသားတွေမရှိရင် KIA က အထောက်အပံ့မရမှာစိုးလို့ ရွာသား တွေကို ပေးမသွားဘူး။ ရွာသားတွေမရှိရင် KIA က ဒီနယ်မြေမှာ ကြာကြာမခံပါဘူးလို့ ရွာသား တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ စစ်တပ်လို သူတို့မှာ ရိက္ခာမရှိဘူးလေ။ ရွာသားတွေဆီကပဲ တောင်းစားရတာ။ မြစ်ကြီးနားက ကြက်ခြေနီအဖွဲ့က ဒုက္ခသည် တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ဖားကန့်ကိုထွက်လာတဲ့ကားတွေကို KIA က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ရွာနားမှာ လမ်းပိတ်ပြီး ပြန်မောင်းထုတ်တယ်လို့ သိရတယ်။ သူတို့ တွေ နေရာအတော်များများမှာ မိုင်းတွေထောင်ထားတယ်။ စစ်တပ်တွေဝင်လာရင် ထိအောင်လို့ပေါ့။ ဒါပေမယ့်လောလော ဆယ် ရွာသားတွေပဲ ခံရတယ်။ မြစ်ကြီးနားဆေးရုံမှာ ဆိုရင် မိုင်းထိလို့ဆေးရုံတက်နေ တာ တော်တော်များတယ်လို့သိရတယ်။
ကျွန်တော့်ဦးလေးတွေနဲ့ ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကိုလည်း ရောက်ခဲ့သေးတယ်။ အဲ့ဒီဘက်ကလည်း အခြေအနေသိပ်မဟန်ပါဘူး။ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ် အချို့ နေရာတွေမှာတော့ စစ်သားတွေတွေ့ရတယ်။ လမ်းကြောင်းလုံခြုံရေးအဖွဲ့တွေဖြစ်ဟန် တူတယ်။ ကားတွေ၊ ဆိုင်ကယ်တွေတော့ သွားလာနေကြတယ်။ ဒီဘက်မှာလည်း ကားလမ်း ပေါ်မှာ တိုက်ပွဲတွေမကြာမကြာဖြစ်တယ်လို့ သိရတယ်။ လွယ်ဂျယ်ရောက်တော့ လီဆူးဘုရား ကျောင်းမှာ ဒုက္ခသည်တွေကို သွားလှူကြတယ်။ သူတို့တွေက အရင်က တရုတ်နိုင်ငံဘက် လားရင်ဒုက္ခသည်စခန်းမှာနေရင်း တရုတ်ကလက်မခံလို့ ဒီကိုပြန်ရောက် လာကြတာ။ သူတို့တွေရဲ့ အဖြစ်ကြားရတာလည်း စိတ်မကောင်းစရာပါပဲ။ အရင်က သူတို့ ခရိန်မုဒန်း၊ ဟန်ယော (ယောယုံ)ဗျင်ဝိုင်ရွာသားတွေပါ၊ KIA အစီအစဉ်နဲ့ ဒုက္ခသည်အမည်ခံပြီး တရုတ် နယ်စပ် မှာနေတယ်။ ကြုံရာကျပန်း လုပ်ကိုင်စားရတယ်။ အလှူရှင်တွေက ရတဲ့ ငွေ/ပစ္စည်း တွေက ဒုက္ခသည်တွေဆီကို ရောက်မလာဘူး။ KIA ရန်ပုံငွေဖြစ်သွားတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောပြတာကို ကြားခဲ့ရတယ်။ အောက်ခြေမှာ ဒီလိုဖြစ်ပျက်နေတာ KIA ကိုကြောက်တော့ ဘယ်သူမှ မပြောရဲကြဘူး။ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ပေးတဲ့ငွေတွေက KIA စစ်သား တွေကို ထောက်ပံ့ပေးတာနဲ့ အတူတူပါပဲလေ။
တကယ်တမ်း နက်နက်နဲနဲတွေးကြည့်ရင် KIA ဟာ အကြမ်းဖက်သမားလိုဖြစ်နေပြီ။ ကျွန်တော်တို့တွေ၊ အဖွဲ့အစည်းတွေက ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ လူထုလှုံ့ဆော်တာ တစ်မျိုး၊ မီဒီယာတွေကနေ တွန်းအားပေးတာကတစ်မျိုး နည်းမျိုးစုံနဲ့ KIA ဘက်ကနေပြီး ရပ်တည်ခဲ့ကြတယ်။ သမ္မတကြီးနဲ့ နအဖမျိုးဆက်ဖြစ်တဲ့ စစ်တပ်ကို တစ်ဖက်သတ် အပြစ်တင် ခဲ့ကြတယ်။ တကယ်တမ်း ကိုယ်တိုင်သွားကြည့်တော့ On Ground မှာ ဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ KIA အပေါ်မှာ ဒေသခံတွေအနေနဲ့ အတော်လေးကြောက်ရွံ့ နေကြတယ်။ ဒေသခံတွေ ခံစားနေရတဲ့ ခါးသီးမှုတွေဟာ အကြောက်တရားက လွှမ်းမိုး ထားတာကြောင့် ပပျောက်ကုန်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မဝေဖန် လိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲဆိုတာ အောင်နိုင်သူရဲ့ မှတ်ကျောက်ပဲလို့ စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀တွေကိုတော့ ထောက်ထားသင့်ပါတယ်။ ဒီမိုကရေစီအသီးအပွင့်ဖြစ်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာ လူတိုင်းလိုချင်နေကြတာပါ၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာလည်း တိုင်းရင်းသား ပြည်သူ ထဲကပဲ ပေါက်ဖွားလာခဲ့တာပါ။ ပြည်သူ့အရေးဟာ သူတို့အရေးကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေးရရေးအတွက် စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲဝင်နေကြပြီ လေ။ နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ နောက်ကျန်မနေဘဲ KIA/KIO အနေနှင့်လည်း ကချင် လူမျိုးရေး၊ ကချင်ပြည်နယ်အရေးကိစ္စအတွက် စားပွဲပေါ်မှာပဲ တိုက်ပွဲဝင်သင့်ပြီလို့ ထင်တယ်။ ဟိုနေရာမှာ ဆွေးနွေးမယ်၊ ဒီနေရာမှာ ဆွေးနွေးမယ်ဆိုတာထက် မိမိပြည်တွင်းမှာ ပြည်သူ့ရှေ့ မှာပဲ ဆွေးနွေးသင့်ပါတယ်။ ဒီထက်ပိုပြီး ခေါင်းမာနေရင်တော့ အကြမ်းဖက် သမားလို့ စွပ်စွဲရလိမ့်မယ်။

From- ကချင်နေ့စဉ်သတင်း





No comments:

Post a Comment