Monday, September 17, 2012

ဖားကန့်မြို့၌ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ဖားကန့်ဆေးရုံတွင် သုံးဦးသာကျန်ရှိပြီး ကျန်လူနာများ မြစ်ကြီးနားဆေးရုံ၌ တက်ရောက်ကုသနေ

ဖားကန့်မြို့ပေါ်မှ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနက် ဖားကန့်မြို့နယ်ဆေးရုံတွင် သုံးဦးသာ ကျန်ရှိပြီး ကျန်လူနာများ မြစ်ကြီးနားဆေးရုံသို့ တက်ရောက်ကုသနေကြောင်း ဖားကန့်မြို့မှ ဒေသခံ အချို့က ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် န၀မတန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသူနှင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မှော်ဝမ်းမှ မဆိုင်းလုပန်(အသက် ၁၇ နှစ်)၊ ဂလောင်း ခေါဘောမ်(ခ) ယာကု(အသက် ၃၆ နှစ်)၊ ကိုကျော် ထိန်လင်း(အသက် ၂၇ နှစ်)၊ ခေါဆောင်(အသက် ၃၅ နှစ်)၊ ဆွတ်ငိုင်ယန်မှ ကိုစိုးမိုး(အသက် ၄၄ နှစ်)၊ မှော်ဝမ်းစစ်ပြေးဒုက္ခသည် မလုဘူခွန်ဆိုင်း(အသက် ၃၁ နှစ်)၊ မလုဘူ ဂျာလုအွန်(အသက် ရှစ်နှစ်)တို့ဖြစ်ကြောင်း ကချင်သတင်းဝက်ဆိုက်အချို့၏ ဖော်ပြချက်အရ သိရှိရသည်။

''လုဘူခွန်ဆိုင်းရယ် သူ့သမီး ဂျာလုအွန်ရယ်၊ နောက်ဆိုင်းလုပန်ရယ် ဖားကန့်ဆေးရုံမှာ ကျန်တယ်။ ကျန်တဲ့သူတွေကတော့ အရိုးကျိုးတာတို့ ဘာတို့ ဆက်ပြီးကုသဖို့ လိုတဲ့အတွက် မြစ်ကြီးနားဆေးရုံ သွားကြပြီ။ ကျွန်တော်တို့ မနေ့က ဆေးရုံကို သွားကြည့်ပြီး အလှူငွေပေးတော့ သူတို့ သုံးဦးကျန်တာကို တွေ့ခဲ့ပါတယ်''ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြောပြသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများသည် တပ်မတော်မှ တပ်ဖွဲ့ဝင် အချင်းချင်းအကြားဖြစ်ပွားသည့် မှားယွင်းပစ်ခတ်မှုသာဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည်။

နှစ်ပေါင်း ၁၇ နှစ်အကြာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တွင်ဖြစ်ပြီး နောက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်များတွင်ပါ တိုက်ပွဲဖြစ်ပွားမှုများရှိ လာခဲ့သည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အဓိကလုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ြ ဖစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်ကာ ဒုက္ခသည်စခန်းများသို့ ခိုလှုံရောက်ရှိလာ သူအရေအတွက်သည်လည်း သောင်းဂဏန်းသို့ ရောက်ရှိလာခဲ့သည်။
 
From- ကချင်နေ့စဉ်သတင်း

No comments:

Post a Comment