
တိုက်တိုက်ဆိုင်ဆိုင် သည်တစ်လောတွင် ကျွန်တော်သည် ဦးတင်ကို အတော်
အောက်မေ့ သတိရနေသော အချိန် ဖြစ်ပါသည်။ အကြောင်းမှာ သူ၏ ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိကို ကျွန်တော် ဖတ်လိုက် ရ၍ ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင်
ဟိုတုန်းက အဖြစ်အပျက် အကြောင်းအရာ များကို ကျွန်တော်ဖတ်ချင်စိတ် မရှိသည်မှာ
အတော်ကြာ ပါပြီ။ အကွဲအပြဲများ၊ မအောင်မြင်မှုများ၊ ဇာတ်တူသား စားမှုများ၊
ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့် အောင်မြင်မှု အချို့အပေါ် ယစ်မူးခဲ့မှုများ
ကို ပြန်၍ပင် မစဉ်းစား ချင်လောက်အောင် ရှိခဲ့သည်။
ထို့ကြောင့်ပင် ဦးတင်၏ စာအုပ်ကို လက်ထဲတွင် ရောက်နေပြီး တစ်လလောက်ကြာမှ
ဖတ်ဖြစ်ပါသည်။ ထိုညက တစ်ညလုံး ဖတ်ပြီး နောက်တစ်နေ့ မနက်ပိုင်းပါ
ဆက်ဖတ်လိုက်မှ ပြီးသွား ပါတော့သည်။ တစ်ချိန်က ဗဟိုစစ် ကော်မရှင်ရုံးဟု
ခေါ်သော ရုံးတစ်ရုံးတွင် ကျွန်တော် အပါအဝင် ကျောင်းသားမှ လာသူ သုံးဦးနှင့်
ကျွန်းပြန် ရှစ်ဦးတို့သည် ရုံးကေဒါများ ဖြစ်ကြသည်။ ဦးတင်ရုံးလာသော
နေ့များတွင် ကျွန်တော် နှင့် တစ်ခန်းတည်းတွင် ထိုင်ပါသည်။
ကျွန်တော်သည် သာမန် အကြောင်း ကိစ္စများမှအပ အရေးကြီးသော သမိုင်းဆိုင်ရာ
ကိစ္စများကို (သူစိတ်လို လက်ရ ပြောပြသည်များမှ အပ) သီးသန့် မေးမထားခဲ့မိသည့်
အတွက် ဤစာအုပ်ကို ဖတ်ပြီး ကျွန်တော် နောင်တ ရနေမိပါသည်။
ဦးတင်သည် အလွန် ရိုးဖြောင့်၍ အလွန် စစ်သား ပီသသော ပုဂ္ဂိုလ် ကြီးဖြစ်ပါသည်။ ဤစာကြောင်းကို ရေးပြီးပြီးချင်းမှာပင် ဦးတင်ကဲ့ သို့သော ပုဂ္ဂိုလ်ကြီး တစ်ဦးကို ကျွန်တော်က တန်ဖိုး ဖြတ်သလို ရေးသား မိခြင်း အတွက် မဖွယ်မရာ ဖြစ်နေသလောဟု မလုံမလဲ ဖြစ်မိပါသည်။ ဦးတင်အကြောင်း ပို၍ ဝေဖန် ရေးသားနိုင်မည့် ပို၍ ဝါရင့်သော ပုဂ္ဂိုလ် များ ဟိုဘက်သည်ဘက် ရှိနိုင်သော်လည်း ရေးသား ဖော်ထုတ် လာကြ လိမ့်မည်ဟု ကျွန်တော် မယူဆခြင်းသည် ဤဆောင်းပါးကို ရေးရခြင်း၏ အကြောင်းတစ်ချက်လည်း ဖြစ်ပါသည်။ ဦးတင်၏ သမိုင်းမှာ နှစ်ဖက်စလုံးတွင် မှိန်ဖျော့ ခံထားခဲ့ရသည်ဟု ကျွန်တော်ထင်ပါသည်။
ဦးတင်သည် အလွန် ရိုးဖြောင့်၍ အလွန် စစ်သား ပီသသော ပုဂ္ဂိုလ် ကြီးဖြစ်ပါသည်။ ဤစာကြောင်းကို ရေးပြီးပြီးချင်းမှာပင် ဦးတင်ကဲ့ သို့သော ပုဂ္ဂိုလ်ကြီး တစ်ဦးကို ကျွန်တော်က တန်ဖိုး ဖြတ်သလို ရေးသား မိခြင်း အတွက် မဖွယ်မရာ ဖြစ်နေသလောဟု မလုံမလဲ ဖြစ်မိပါသည်။ ဦးတင်အကြောင်း ပို၍ ဝေဖန် ရေးသားနိုင်မည့် ပို၍ ဝါရင့်သော ပုဂ္ဂိုလ် များ ဟိုဘက်သည်ဘက် ရှိနိုင်သော်လည်း ရေးသား ဖော်ထုတ် လာကြ လိမ့်မည်ဟု ကျွန်တော် မယူဆခြင်းသည် ဤဆောင်းပါးကို ရေးရခြင်း၏ အကြောင်းတစ်ချက်လည်း ဖြစ်ပါသည်။ ဦးတင်၏ သမိုင်းမှာ နှစ်ဖက်စလုံးတွင် မှိန်ဖျော့ ခံထားခဲ့ရသည်ဟု ကျွန်တော်ထင်ပါသည်။
မြန်မာ့ စစ်သမိုင်းကို ပြောလျှင် ၎င်း အနားမယူမီ အချိန်အထိ နေရာယူစစ်ကို
အပြောင်မြောက်ဆုံး ဆင်နွှဲနိုင်သူမှာ ဦးတင်ပင် ဖြစ်ပါ သည်။
ဂျပန်တော်လှန်ရေး ကာလအတွင်း တိုက်ပွဲကြီးများ အတိုက်ရဆုံး တိုင်း (၄)ကို
ဦးဆောင်သူမှာ ဦးတင်ဖြစ်သည်။ ပဲခူးတိုင်း၊ တောင်ငူ ခရိုင်နှင့်
နယ်စပ်များဘက် အထိ တိုက်ပွဲကြီး များစွာ တိုက်ခဲ့ရသည်။ လွတ်လပ်ရေး ရပြီးစ
ကာလ အင်းစိန်တိုက်ပွဲကို ဦးစီးခဲ့သည်။ အင်းစိန် တိုက်ပွဲသည်
ရန်ကုန်မြို့ကို ကာကွယ်ခြင်း သာမက ထိုစဉ်က ဗမာတစ် ပြည်လုံးကို
ကာကွယ်ခြင်းဟုလည်း ပြော၍ရသည်။ ထို့နောက် တောင်တန်းဒေသ တိုက်ပွဲ အတွေ့အကြုံ
မရှိသော်လည်း ပေးလာသော တာဝန်ကို ဦးလည်မသုန် ထမ်းရွက်တတ်သော
အလေ့ရှိသည့်ဦးတင် သည် တရုတ်ဖြူ ဆန့်ကျင်ရေး တိုက်ပွဲများကို အောင်မြင်စွာ
ဦးစီးနိုင်ခဲ့ သည်။ ထိုခေတ်ထိုအခါက နေရာယူစစ်ကို ကျွမ်းကျင်စွာ ဦးစီး
တိုက်ခိုက်နိုင်သူ မှာ ဦးတင်ပင် ဖြစ်ပါသည်။
ဦးတင် အကြောင်းသည် စစ်ရေး ဖြစ်စဉ်များနှင့် ကင်းလွတ် မနေနိုင်သည် ဖြစ်၍
မည်သည့် ဘက်ကိုမျှ သာစေနာစေလို သဘော မရှိဘဲ တိုက်ပွဲတစ်ခုကို
ပြောပြလိုသည်။ တိုက်ပွဲများတွင် အရှုံးအနိုင်သည် နှစ်ဖက် စလုံးတွင်
ရှိမြဲဖြစ်ရာ ဤတစ်ပွဲ မှာ နယ်စပ်တပ်များ အနိုင်ရသော ပွဲဖြစ်သည်။ ၁၉၈၀ခု
အဆန်းပိုင်း လောက် ထင်ပါသည်။ သံလွင်မြစ် အရှေ့ခြမ်း၊
ပန်းတန်းမြို့နယ်အတွင်း တပ်စွဲ ထားသော တပ်ရင်းတစ်ရင်း၏ စခန်းများ
အားလုံးကို ရလိုက်သည်။ မော်စီတုန်း ၏စစ်ရေး မူများအရ နေရာယူစစ်မဟုတ်၊
ပြောက်ကျားစစ် အခြေခံ၊ ရန်သူ ချေမှုန်းရေးသာ အဓိကဖြစ်ရာ ထိုစခန်းများမှ
တပ်များ ပြန်ဆုတ်ပေးရမည် ဖြစ်သည်။ ဦးတင်ကမူ နေရာယူ စစ်အမြင်သန်သူ ဖြစ်ရာ
ထိုတောင်ကုန်း များကို ရရန်မှာ လွယ်ကူသော ကိစ္စမဟုတ်၊ ထိုသံလွင်
အရှေ့ခြမ်းခွင် တစ်ခုလုံးကို ထိန်းသိမ်း ထားနိုင်ခြင်းသည် ကိုယ့်အတွက်
အကျိုးရှိသော ကိစ္စဖြစ်သည့်အတွက် တစ်ခါတည်း အပိုင်ဆက်ယူ ထားလိုခြင်း
ဖြစ်သည်။ သို့သော် ဥက္ကဋ္ဌ အပါအဝင် အားလုံး၏ သဘောထားနှင့် မတိုက်ဆိုင်သည့်
အတွက် တပ်များကို ပြန်ဆုတ် ပေးခဲ့သည်။ တပ်မတော်က ပြန်၍ နေရာယူ လိုက်သည်။
ဤသည်မှာ ဦးတင်၏ စစ်ရေး အမြင်ဖြစ်ပါသည်။
ဦးတင်သည် ပညာရေးကို ၇ တန်း ၈ တန်းလောက်သာ သင်ယူ ခဲ့ပြီး ထိုခေတ်ကာလ
နိုင်ငံရေး မိုးသက် မုန်တိုင်းများ အတွင်း ခြေစုံပစ် ဝင်ခဲ့သူဖြစ်သည်။
နိုင်ငံရေး သင်တန်းများကို ဂျပန်ခေတ် အကြို ကာလတွင် သခင်စိုးထံ
တက်ရောက်ခဲ့ပြီး ပုဂ္ဂိုလ်ရေး အရမူ ဗိုလ်ချုပ် အောင်ဆန်းကို အလွန်ကြည်ညို
လေးစားသူ ဖြစ်သည်။ နယ်စပ်ဒေသ ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အပေါ်
အမြင်မကြည်သူများသာ ဖြစ်ရာ ဦးတင်သည် ဗိုလ်ချုပ်အကြောင်း ခပ်များများ
ခပ်ကျယ်ကျယ် ပြောဆို ခြင်း မပြုနိုင်ခဲ့ပေ။ ရဲဘော်သုံးကျိပ် ဂျပန်သင်တန်း
ကာလ တစ်လျှောက် လုံး တစ်ရက်မှ မပြတ် နေ့စဉ်မှတ်တမ်း ရေးခဲ့သူမှာ
ဦးတင်တစ်ယောက် သာရှိပါသည်။ သူပြောပြသည့် အထဲတွင် ညတိုက်ပွဲ လေ့ကျင့်ရာတွင်
သူပါဝင်သော ဗိုလ်ချုပ် ဦးစီးသည့် တပ်စိတ်မှာ မြေပုံညွှန်းအတိုင်း တစ်ညလုံး
ချီတက်ပြီး လမ်းမှားကာ မူလ စထွက်သော နေရာသို့ ပြန် ရောက်လာပုံလည်း
ပါဝင်သည်။ ထိုမှတ်တမ်း တစ်စုံလုံးသည် တပ်မတော် မော်ကွန်းတိုက်တွင် ရှိသည်ဟု
သူပြောဖူးသည်။
ကျွန်တော်တို့နှင့် ဆုံဆည်းချိန်မှာ ဦးတင်၏အသက် ၆၅ မှ ၇၀ လောက်အတွင်း
ရှိပြီဖြစ်သည်။ သို့သော် ရုပ်သွင်ပြင် အရ ဦးတင် သည် စစ်သားတစ်ယောက် ပီသစွာ
အလွန်ကြံ့ခိုင်သူ ဖြစ်သည့်အတွက် လမ်းလျှောက်သွားလျှင် သူ့ကို မီအောင်
မနည်းလိုက် ရတတ်သည်။ သို့သော် ၈၃၊ ၈၄ ခုလောက်တွင် သူသည် အကိုက်အခဲ
ပျောက်ဆေး သောက်မိရာမှ အစာအိမ် သွေးကြော ပေါက်သွားပြီး နှစ်ရက်ခန့် သတိ လစ်
သွားခဲ့သည်။ ထို့နောက် တစ်ဖက်နိုင်ငံ ဆေးရုံတွင် အစာအိမ်ကို တစ်ဝက်လောက်
ဖြတ်ထုတ် လိုက်ရပြီး ပြန်ကောင်း လာခဲ့သည်။ သို့ သော် နှစ်ရက်လောက် သတိလစ်
သွားခဲ့ခြင်းကြောင့် မှတ်ဥာဏ်ကို အနည်းငယ် ထိခိုက် သွားခဲ့သည်။
နောက်ပိုင်းတွင် စာရေးစာဖတ်ကို တစ်နေကုန် လုပ်နိုင်သော်လည်း
အချို့စာကြောင်းများ ထပ်၍ ရေးမိခြင်း မျိုး၊ ကိုယ်နှင့်အနီးကပ်ဆုံး
လူနာမည်များ မေ့နေခြင်းမျိုး ဖြစ်လာခဲ့သည်။
‘ဝ’ ရဲဘော်များ အာဏာသိမ်းချိန်တွင် သူ၏မှတ်စုများကို အလွန်
သံယောဇဉ်ကြီးသူ ဦးတင်က ပြန်၍ ယူမည် အပြုတွင် ရဲဘော်တစ်ယောက် ၏
ကြမ်းကြမ်းတမ်းတမ်း ပြုမူခြင်း ခံရသည်ဟု ကျွန်တော် ကြားရသည်။ အလားတူပင်
ဆိုဗီယက်မှ သတင်းစာ မဟာဝိဇ္ဇာ ဘွဲ့ရခဲ့သူ ဗဟို ကော်မတီဝင် ဦးလွင်
(ဒေါ်ခင်မျိုးချစ်၏ မောင်အငယ်ဖြစ်သူ)သည် သူအမြတ်တနိုး စုဆောင်းထားသော ဂျာမန်
ပြတိုက်များမှ ပန်းချီကား ကတ်တလောက် စာအုပ်များနှင့် သူ၏
ပန်းချီကားများကို ဝရဲဘော်များ ကလွှင့်ပစ်၊ ဆွဲဆုတ်သည်ကို ရင်မ၍
ကြည့်နေခဲ့ရသည်။ တော်လှန်ရေး ဆိုသည်၏ လက်တွေ့ အခြေအနေမှာ ထိုအတိုင်းပင်
ဖြစ်ခဲ့ပါသည်။
ယခု ဦးတင် ပြန်လာနိုင်ရေး အတွက် သမ္မတက ခွင့်ပြုလိုက်သည်ဟု ဆိုရာ
များစွာ အံ့သြ ဝမ်းသာ ဖြစ်ရသည်။ တစ်ဖက်မှ အချို့က ဖဲ့၍ စည်းရုံးသည်ဟု
ပြောကြောင်း ကြားရသည်။ မဆိုင်ပါ။ ဤကိစ္စမှာ တစ်ဦးချင်း ထူးခြားမှုအရ သီးခြား
ညှာတာ ခွင့်ပြုခြင်းဟု ယူဆပါသည်။ တစ်ဖွဲ့လုံး ပြန်လာနိုင်လျှင်လည်း
ကောင်းပါသည်။ သို့သော် ကာယကံ ရှင်များ ကိုယ်တိုင် ဆွေးနွေး ညှိနှိုင်းရန်
လိုသော ကိစ္စသာ ဖြစ်ပါသည်။ ယခု စက်တင်ဘာလ ၂၁ ရက်သည် နိုင်ငံတကာ
ငြိမ်းချမ်းရေးနေ့ ဖြစ် ပါသည်။ ဦးတင်သည် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော
ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် စစ်မှန်သော ယုံကြည်ချက်ဖြင့် ပါဝင်ခဲ့သူ
တစ်ဦး ဟု ကျွန်တော် ယူဆပါသည်။ ဦးတင် ပြန်ရောက်လာပါက ထိုနေ့တွင်
လူငယ်များ၏ လှုပ်ရှားမှုများကို ဦးတင် မြင်တွေ့ ကြားသိခွင့် ရပါလိမ့် မည်။
လူငယ်အဖွဲ့များမှ ကိုယ်သန်ရာကိုယ် ပန်းချီဆွဲခြင်း၊ ကဗျာ ရွတ်ခြင်း၊
ငြိမ်းချမ်းရေး အထိမ်းအမှတ် စိတ်ကူးဥာဏ် ကွန့်မြူးလျှင် ကွန့်မြူးသလောက်
သူတို့ လုပ်ကြပါလိမ့်မည်။ ၎င်းတို့မှာ ဦးတင် လိုလား သော
မျှော်မှန်းချက်များပင် ဖြစ်သည်ဟု ကျွန်တော် ယူဆပါသည်။
From -TheVoiceWeekly
No comments:
Post a Comment