Thursday, September 13, 2012

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှ င့်တွေ့ ဆုံ

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်နှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ၊ ဒုတိယ၀န်ကြီး  Mr.Ai Ping ဦးဆောင် သောအဖွဲ့ဝင် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (၁၁-၉-၂၀၁၂)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်း လမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှ င့်တွေ့ ဆုံကာ  ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
တရုတ်ဒုဝန်ကြီးနှင့် အဖွဲ့အား အမျိုးသား ဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊
ပါတီဒုဥက္ကဌ များ ဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆွေးနွေးပွဲအစတွင် တရုတ်ဒုဝန်ကြီးက အမျိုးသားဒီမိုကရေစီအင်အားစုပါတီအား  အာရှတိုက်နိုင်ငံရေးပါတီများ အသင်းကြီးတွင် အသင်းဝင်အဖြစ် ဖိတ်ခေါ်ရန်ရောက်လာခြင်းဖြစ်ပြီး ထိုအသင်းကြီး၏ ၇ကြီမ်မြောက်ညီလာခံကို အာဇန်ဘိုင်ဂျန်နိုင်ငံ ၊ ဘာကူးမြို့တွင် ကျင်းပရန်ရှိပြီး  NDFပါတီ အနေဖြင့်  တက်ရောက်စေလိုပါကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီအနေဖြင့် တရားဝင်နိုင်ငံရေးပါတီများနှင့်ဆက်ဆံရာတွင်  မူလေးရပ်ဖြင့်ဆက်ဆံပါကြောင်း၊၊ NDFပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီ အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအပေါ် NDFပါတီ၏အမြင်သဘောထားကိုလည်း သိရှိ လိုပါကြောင်းဖြင့် ဆွေးနွေးပါသည်။
NDFပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ယခုလိုဒု-၀န်ကြီးတစ်ဦး မိမိတို့ပါတီဌာနချုပ်သို့ ကိုယ်တိုင်လာရောက် တွေ့ဆုံခြင်းကို အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ပါတီသက်တမ်း(၂)နှစ်အတွင်း  တရုတ်ကွန်မြူနစ်ပါတီမှအဆင့်မြင့် ကိုယ်စား လှယ်များ နှစ်ကြီမ်တိုင်တိုင် လာရောက်တွေ့ဆုံခြင်းကြောင့် ပါတီနှစ်ခုအကြား ဆက်ဆံရေး နှစ်ဖက်ရင်းနှီးမူပိုမိုရရှိ လာပါကြောင်း၊  အိမ်နီးနားချင်းနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်နေရန်သည်လည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီအချင်းချင်းဆက်ဆံရေးမူဝါဒလေးချက်ကိုလည်း လက်ခံပါကြောင်း၊ နိုင်ငံရေးပါတီအချင်းချင်း ဆက်ဆံရေးကောင်းမွန်လာပါက ရှေ့ဆက်၍ နှစ်နိုင်ငံအကြား နားလည်မှုပိုမိုတည်ဆောက်လာနိုင်ပါကြောင်း၊  မိမိတို့ NDFပါတီအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရာတွင် တစ်ပါတီတည်းနှင့် ဆက်ဆံခြင်းထက် မိမိတို့စုစည်းထားသော ဒီမိုကရေစီမိတ်ဆွေ ဆယ်ပါတီအဖွဲ့နှင့်  ဆက်ဆံရေးထူထောင်နိုင်ပါက ပိုမိုကောင်းမွန်သော ဆက်ဆံရေးဖြစ်လာမည်ဖြစ် ကြောင်း၊ ထိုသို့ ဒီမိုကရေစီမိတ်ဆွေ ဆယ်ပါတီနှင့်  တွေ့ဆုံလိုပါက မိမိတို့ NDFပါတီပါတီအနေဖြင့် စီစဉ်ပေးနိုင်ပါကြောင်း၊
လက်ရှိမြန်မာနိုင်ငံ၏အပြောင်းအလဲများကို ပြည်သူအများစုကထောက်ခံနေပါကြောင်း၊ ယခုသွားနေသော ဒီမိုကရေစီဖော် ဆောင်ရေးလမ်းကြောင်း အောင်မြင်ရေးအတွက်  အစိုးရ၊ ပြည်သူလူထုနှင့်အတူ မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် ပါဝင်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တည်မြဲစေရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးပြု ပြင်ပြောင်းလဲရေးတို့ကို ပိုမိုမြှင့်တင်ရန်အတွက်  နှစ်ခုစလုံးကို ယှဉ်တွဲဆောင်ရွက်ဖို့လိုနေပါကြောင်း၊ မြန်မာပြည်တွင်ဖြစ်ပွား နေသောပြည်တွင်းစစ်ရပ်စဲရေးတွင် တရုတ်အစိုးရအနေဖြင့် အကူအညီပေးစေလိုကြောင်း၊ အထူးသဖြင့်ကချင်ဒေသ တွင်ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်၍ ငြိမ်းချမ်းရေးရရှိစေရန် အကူအညီပေးစေလိုပါကြောင်း၊ စီးပွားရေးတွင်လည်း တရုတ်ပြည်၏ရင်းနှီးမြှုတ်နှံမူသည် မြန်မာပြည် အတွက် အရေးပါပါကြောင်း၊ ထို့ကြောင့် အဆင့်မြင့်နည်းပညာများပါဝင်သော ရင်းနှီးမြှုတ်နှံမှုများကို ပြုလုပ်စေလိုပါကြောင်း၊  စီးပွားရေးပိတ်ဆို့မှုများရပ်တန့်စေရန်ကိုလည်း NDFပါတီ အနေဖြင့် ၂၀၁၁ ကတည်းကပင်တောင်းဆိုခဲ့ပါကြောင်း ဖြင့် ရှင်းလင်းပြောကြားသည်။
တရုတ်ဒု-၀န်ကြီးက ယခုကဲ့သို့ ရှင်းလင်းပြောကြားမှုကြောင့် မြန်မာပြည်၏အခြေအနေမှန်ကို မိမိတို့အနေဖြင့် ပိုမိုသိရှိရပြီ ဖြစ်၍ အထူးဝမ်းမြောက်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် အလွန်လျင်မြန်နေပါကြောင်း၊  ထိုဖြစ်စဉ် မှာလည်း အားလုံးပါဝင်ကြိုးပမ်းမှုကြောင့် ဖြစ်ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် NDFပါတီ ဆက်ဆံရေးမြှင့်တင်ရန်အတွက် ပိုမိုကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို  ဆက်လက်ထိန်းသိမ်းရန်ပြောကြားသည့်အတွက် အထူးဝမ်းသာပါကြောင်း၊  ဒီမိုကရေစီမိတ်ဆွေဆယ်ပါတီနှင့်တွေ့ဆုံရန် ကမ်းလှမ်းမှုကိုလည်း အထူးကြိုဆိုပါကြောင်း ၊ အာရှတိုက်နိုင်ငံရေးပါတီများအသင်းကြီးအစည်းအဝေးကိုလည်း NDFပါတီ အနေဖြင့် တက်ရောက်စေလိုပါကြောင်း၊ တရုတ်ပြည်သို့လည်း အချိန်အခါသင့်ပါက NDFပါတီကိုယ်စားလှယ်များကို ဖိတ်ခေါ်ရန်အစီအစဉ်ရှိပါကြောင်း၊  အကြောင်း ကိစ္စများရှိပါက မြန်မာပြည်ဆိုင်ရာတရုတ်သံရုံးနှင့်ဆက်သွယ်စေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲကို နေ့လည် ၁၂း၀၀နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တရုတ်ဒု-၀န်ကြီးနှင့် အဖွဲ့အား  ဧည့်ခံကျွေးမွေး၍ အပြန်ကားပေါ်အရောက် လိုက်လံပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။
From -TheHotNewsjournal

No comments:

Post a Comment